နိုင်ဂျီးရီးယားသို့ သွားရောက်ခြင်းမပြုရန် ၎င်း၏ နိုင်ငံသားများကို အမေရိကန် သတိပေး၊ သံရုံးဝန်ထမ်းများ ထွက်ခွာခွင့်ပြု

News Image

  • နိုင်ဂျီးရီးယားသို့ သွားရောက်ခြင်းမပြုရန် ၎င်း၏နိုင်ငံသားများကို အမေရိကန် သတိပေး၊ သံရုံးဝန်ထမ်းများ ထွက်ခွာခွင့်ပြု

နိုင်ဂျီးရီးယားနိုင်ငံ၏ လုံခြုံရေးအခြေအနေ ပိုမိုဆိုးရွားလာခြင်းကြောင့် အမေရိကန်နိုင်ငံသားများအနေဖြင့် နိုင်ဂျီးရီးယားသို့သွားရောက်ခြင်းကို ရှောင်ကြဉ်ကြရန် ဝါရှင်တန်ကတိုက်တွန်းနှိုးဆော်လိုက်ပြီး မြို့တော် အဘူဂျာရှိ အရေးပေါ်မဟုတ်သော သံရုံးဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအား နိုင်ငံအတွင်းမှထွက်ခွာခွင့်ပြုလိုက်ပြီ ဖြစ်သည်။

ဗုဒ္ဓဟူးနေ့ (ဧပြီ ၈) က ထုတ်ပြန်ခဲ့သည့် အဆင့်မြှင့်တင်ထားသော ခရီး သွားလာမှုဆိုင်ရာ အကြံပြုချက်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနက အကြမ်းဖက်မှုနှင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် Plateau ၊ Jigawa ၊ Kwara ၊ Niger နှင့် Taraba ပြည်နယ်များအပါအဝင် မြောက်ပိုင်း နှင့်အလယ်ပိုင်းပြည်နယ်များသို့ သွားရောက်ခြင်းမပြုရန် အထူးသတိပေးထားသည်။ ထို့ပြင် မငြိမ်မသက်မှုများနှင့် ရာဇဝတ်ဂိုဏ်းများ ကြီးစိုးနေသည့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများသို့သွားရောက်ခြင်းကိုလည်း အလားတူ ကန့်သတ်ထားသည်။

အဆိုပါ အကြံပြုချက်အရ နိုင်ဂျီးရီးယားနိုင်ငံတစ်ဝှမ်းတွင် လက်နက်ကိုင်လုယက်မှု၊ ကားလုယက်မှုမှသည် ဓားစာခံအဖြစ်ဖမ်းဆီးမှုနှင့် လမ်းဘေး ဓားပြတိုက်မှုများအထိ အကြမ်းဖက်ရာဇဝတ်မှုများသည် "ပုံမှန်အတိုင်းပင် ဖြစ်ပွားလျက်ရှိသည်" ဟု ဖော်ပြထားသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ခရီးသွားလာမှုဆိုင်ရာ သတိပေးချက်ကို အဆင့် ၄ ဆင့်ဖြင့် သတ်မှတ်ထားရာ အဆင့် (၃) မှာ "ခရီးသွားရန် ပြန်လည်စဉ်းစားရန်" နှင့် အဆင့် (၄) မှာ "သွားရောက်ခြင်းမပြုရန်" တို့ ဖြစ်ကြသည်။ နိုင်ဂျီးရီးယားနိုင်ငံသည် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခု နီးပါးကာလပတ်လုံး အဆင့် (၃) သို့မဟုတ် အဆင့် (၄) တွင်သာ ရှိနေခဲ့သည်။ ယခု နောက်ဆုံးထုတ်ပြန်ချက်တွင်မူ နိုင်ဂျီးရီးယားနိုင်ငံရှိ ပြည်နယ် ၃၆ ခုအနက် ၂၃ ခု (နိုင်ငံ၏ သုံးပုံနှစ်ပုံနီးပါး) မှာ အတင်းကျပ်ဆုံးအဆင့်ဖြစ်သည့် "သွားရောက်ခြင်းမပြုရန်" ကဏ္ဍအတွင်း ကျရောက်နေသည်။

အမေရိကန်နိုင်ငံသားများသည် ချမ်းသာကြွယ်ဝသူများအဖြစ် ရှုမြင်ခံရလေ့ရှိပြီး ရာဇဝတ်မှုနှင့် ပြန်ပေးဆွဲမှုများ၏ ပစ်မှတ်များဖြစ်လေ့ရှိသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုအနောက်အာဖရိကနိုင်ငံသည် ပြန်ပေးငွေရယူရန်အတွက် လူများကို မကြာခဏ ဖမ်းဆီးလေ့ရှိသည့် ရာဇဝတ်ဂိုဏ်းများနှင့် အစွန်းရောက်အဖွဲ့ များ၏ အန္တရာယ်ကို ကာလရှည်ကြာ ရင်ဆိုင်နေရခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် Borno ပြည်နယ်၊ Chibok မြို့ရှိ ကျောင်းသူရာပေါင်းများစွာကို Boko Haram စစ်သွေးကြွများက ပြန်ပေးဆွဲသွားခဲ့ရာမှ ထိုပြဿနာသည် တစ်ကမ္ဘာလုံး၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ ISWAP သည် Boko Haram မှ ခွဲထွက်သွားသည့် အဖွဲ့တစ်ခုဖြစ်ပြီး စစ်ဘက်နှင့် အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

ယခုသီတင်းပတ် အစောပိုင်းကလည်း Niger ပြည်နယ်၊ Shiroro ဒေသရှိ Bagna နှင့် Erena ကျေးရွာများတွင် လက်နက်ကိုင်စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူပေါင်း ၂၀ ခန့် သေဆုံးခဲ့ရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး