စပိန်၏ ဝေဖန်မှုများအပေါ် အစ္စရေးက တုံ့ပြန်အရေးယူပြီးနောက် နှစ်နိုင်ငံကြား သံတမန်ရေးရာ တင်းမာမှုများ မြင့်တက်လာ
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် စပိန်နိုင်ငံက အစ္စရေး စစ်တပ် (IDF) ကို အသရေဖျက်စော်ကားသည်ဟုဆိုကာ ဂါဇာ အပစ်အခတ် ရပ်စဲရေး ပူးပေါင်းဆောင်ရွက်ရေးဌာနမှ စပိန်ကို ထုတ်ပယ်လိုက်ကြောင်း ကြေညာခဲ့သည်။
ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့က လက်ဘနွန်အပေါ် အစ္စရေး၏ "Operation Eternal Darkness" လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၃၅၀ ကျော် သေဆုံးခဲ့ရမှုကို စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်က "အသက်နှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေအပေါ် မထီမဲ့မြင်ပြုမှု" ဟု ပြင်းထန်စွာ ဝေဖန်ခဲ့ပြီးနောက် ယခုကဲ့သို့ တုံ့ပြန်မှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
စပိန်နိုင်ငံသည် အစ္စရေးနှင့် သံတမန်အဆင့် လျှော့ချထားသည့်အပြင် တီဟီရန်ရှိ ၎င်း၏သံရုံးကို ပြန်လည်ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့ခြင်းက အစ္စရေးကို ပိုမိုဒေါသထွက်စေခဲ့သည်။
လက်ရှိတွင် ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ္မာဘတ်မြို့၌ အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ်နှင့် အီရန်ကိုယ်စားလှယ်အဖွဲ့တို့သည် ပျက်စီးလွယ်သော အပစ်အခတ်ရပ်စဲရေးကို ပိုမိုခိုင်မာသည့် သဘောတူညီချက် ဖြစ်လာစေရန် အဆုံးအဖြတ်ပေးမည့် ဆွေးနွေးပွဲများ ပြုလုပ်နေကြသော်လည်း နှစ်ဖက်ကြားတွင် နက်ရှိုင်းသော မယုံကြည်မှုများနှင့် သတိပေးမှုများ ရှိနေဆဲဖြစ်သည်။
စပိန်၏ ရပ်တည်ချက်သည် ဥရောပသမဂ္ဂအတွင်း အစ္စရေးအပေါ်ထား ရှိသည့် သဘောထားကို သက်ရောက်မှုရှိနိုင်သဖြင့် ယခုဖြစ်ရပ်သည် ဒေသတွင်း သံတမန်ရေးရာ အလှည့်အပြောင်းတစ်ခု ဖြစ်လာနေသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
