ဂျာမနီနိုင်ငံရှိ ယူကရိန်းအမျိုးသားများကို ရှေ့တန်းစစ်မျက်နှာပြင်သို့ ပြန်လည်စေလွှတ်ရန် မာ့ဇ် လိုလား
ဂျာမနီရောက် စစ်မှုထမ်းအရွယ် ယူကရိန်းအမျိုးသားများကို မိခင်နိုင်ငံသို့ ပြန်လည်စေလွှတ်နိုင်ရေးအတွက် ဂျာမနီ ဝန်ကြီးချုပ် ဖရိုင်းဒရစ် မာ့ဇ်နှင့် ယူကရိန်းသမ္မတ ဇီလန်စကီးတို့ ဘာလင်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။
အဆိုပါ ဆုံးဖြတ်ချက်သည် ယူကရိန်းနိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်နှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်ကြောင်း မာ့ဇ်က အလေးပေးပြောကြားခဲ့သည်။ လက်ရှိတွင် ယူကရိန်းစစ်မျက်နှာပြင်၌ အကျအဆုံးများပြားလာပြီး မိမိသဘောဆန္ဒအလျောက် စစ်မှုထမ်းလိုသူ ရှားပါးလာခြင်းကြောင့် ယူကရိန်း အာဏာပိုင်များသည် အင်အားသုံး၍ စစ်သားစုဆောင်းသည့် နည်းလမ်းများကို ပိုမိုအသုံးပြုလာနေရသည်။
ယူကရိန်းလွှတ်တော်၏ ထုတ်ပြန်ချက်များအရ စစ်တပ်အတွင်းသို့ အသစ်ဝင်ရောက်လာသူများ၏ ၁၀ ရာခိုင်နှုန်းဝန်းကျင်ခန့်သာ မိမိသဘောဆန္ဒဖြင့် ဝင်ရောက်လာခြင်းဖြစ်ပြီး ကျန်ရှိသူများမှာ အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းခံရသူများဖြစ်နေသဖြင့် ပြည်တွင်း၌ လူထု၏မကျေနပ်မှုများ မြင့်တက်လျက်ရှိသည်။
၂၀၂၂ ခုနှစ်နောက်ပိုင်း ဂျာမနီနိုင်ငံသည် ယူကရိန်းရွှေ့ပြောင်းနေထိုင်သူ တစ်သန်းကျော်ကို လက်ခံထားရာ ဥရောပတွင် အများဆုံး ဖြစ်လာခဲ့သည်။ ယင်းအခြေအနေအပေါ် ရုရှားနိုင်ငံဘက်ကမူ အနောက်အုပ်စုသည် ယူကရိန်းနိုင်ငံသားများကိုအသုံးချ၍ ၎င်းတို့ကို Proxy စစ်ပွဲဆင်နွှဲ နေသည်ဟု စွပ်စွဲထားသော်လည်း ဂျာမနီနှင့် ယူကရိန်း ခေါင်းဆောင်များကမူ စစ်မှုထမ်းအရွယ် အမျိုးသားများ နေရပ်ပြန်ရေးသည် နိုင်ငံ တည်ငြိမ်ရေးအတွက် လက်တွေ့ကျသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ရှုမြင်နေကြသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
