အီရန်၏ သန့်စင်ပြီး ယူရေနီယံ လက်ကျန်များကို ဖြေရှင်းပေးရန် ရုရှား ထပ်မံကမ်းလှမ်း
လာမည့်ရက်ပိုင်းအတွင်း အမေရိကန်နှင့် အီရန်တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ အသစ်တစ်ရပ် ဖြစ်ပေါ်လာနိုင်ခြေရှိသည်ဟု ခန့်မှန်းချက်များ ထွက်ပေါ်နေစဉ် အီရန်၏ သန့်စင်ပြီးယူရေနီယံ လက်ကျန်ပြဿနာကို ဖြေရှင်းပေးရန် ရုရှား ကကမ်းလှမ်းချက်ကို ထပ်မံအတည်ပြုလိုက်ကြောင်း ဗုဒ္ဓဟူးနေ့ (ဧပြီ ၁၅) တွင် နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က အီရန်၏ အဆင့်မြင့်သန့်စင်ထားသော ယူရေနီယံများကို လောင်စာအဆင့်သို့ ပြောင်းလဲရာတွင်ဖြစ်စေ၊ သိုလှောင်ရာတွင်ဖြစ်စေ ရုရှားက ကူညီပေးနိုင်ကြောင်း ပြောကြားခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် "အီရန်၏ ငြိမ်းချမ်းစွာ ယူရေနီယံ သန့်စင်ခွင့်ကိုမထိခိုက်စေဘဲ အီရန်နိုင်ငံကလက်ခံနိုင်မည့် နည်းလမ်းများဖြင့် ကူညီပေးမည်" ဖြစ်ကြောင်း TASS သတင်းဌာနက ဖော်ပြခဲ့သည်။
နျူကလီးယားလက်နက် ထုတ်လုပ်နိုင်မှု၏ ရှေ့ပြေးနိမိတ်အဖြစ် ရှုမြင်ခံထားရသော အီရန်၏ အဆင့်မြင့်သန့်စင်ပြီး ယူရေနီယံ လက်ကျန်ပမာဏ သည် အမေရိကန်နှင့် အီရန်တို့အကြား စစ်ပွဲကိုအဆုံးသတ်ရန် ကြိုးပမ်းနေသည့် ဆွေးနွေးပွဲများတွင် အဓိကအငြင်းပွားဖွယ်ရာ အချက်တစ်ချက် ဖြစ်နေသည်။
အီရန်အနေဖြင့် ၎င်းတို့၏ ယူရေနီယံ သန့်စင်မှုအစီအစဉ်ကို ရပ်တန့်ရန်နှင့် မြေအောက်တွင် မြှုပ်နှံထားသည်ဟုယူဆရသော အဆင့်မြင့် သန့်စင်ပြီး ယူရေနီယံ ခန့်မှန်းခြေ ၄၆၀ ကီလိုဂရမ်ကို ပြန်လည်ထုတ်ယူရန် အမေရိကန်က တောင်းဆိုထားကြောင်း အိမ်ဖြူတော် အရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်က အစ္စလာမ်မာဘတ်တွင် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများ၌ နှစ်ဖက်စလုံးက ယူရေနီယံသန့်စင်မှုကို ခေတ္တရပ်ဆိုင်း ထားရန် အဆိုပြုခဲ့ကြသော်လည်း အမေရိကန်သမ္မတ Donald Trump ကမူ ခေတ္တရပ်ဆိုင်းသည့် အယူအဆကို မနှစ်သက်ဘဲ လုံးဝ ရပ်တန့်သွားသည်ကိုသာ လိုလားကြောင်း ပြောကြားခဲ့သည်။
ယခင်ကလည်း အိုဘားမားလက်ထက် နျူကလီးယားသဘောတူညီချက် (JCPOA) စတင်စဉ်အခါက အီရန်၏ သန့်စင်ပြီးယူရေနီယံများကို ကိုင်တွယ် ဖြေရှင်းရာတွင် မော်စကိုက ကူညီပေးခဲ့ဖူးသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် သန့်စင်ပြီး ယူရေနီယံနှင့်ပတ်သက်၍ အီရန်၏ မည်သည့်ဆုံးဖြတ်ချက်ကိုမဆို ရုရှားက လက်ခံမည်ဟု Lavrov က ဆိုသည်။ သို့သော် ‘ငြိမ်းချမ်းစွာ ယူရေနီယံသန့်စင်ခွင့်ရှိသည်’ ဟူသော သူ၏ ပြောကြားချက်မှာ အီရန် အစိုးရ၏ ရပ်တည်ချက်နှင့် တစ်ထပ်တည်း ကျနေသည်။ အီရန်သည် ၎င်းတို့၏ ယူရေနီယံသန့်စင်မှုကို လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် ငြိမ်းချမ်းသောရည်ရွယ်ချက်များ အတွက်သာ အသုံးပြုရန်ဖြစ်သည်ဟု ကာလရှည်ကြာ ပြောဆိုလာခဲ့ခြင်းဖြစ်သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံရန် တရုတ်နိုင်ငံသို့ သွားရောက်ပြီးနောက် Lavrov က ဆက်လက်ပြောကြားရာတွင် ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုကြောင့် စွမ်းအင်လိုအပ်ချက် မြင့်မားနေသော တရုတ်နှင့် အခြားနိုင်ငံများကိုလည်း ရုရှားက စွမ်းအင်ပေးပို့မှုများ ကမ်းလှမ်းလျက်ရှိကြောင်း TASS သတင်းက ဖော်ပြထားသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
