အမေရိကန်အနေဖြင့် အီရန်နိုင်ငံအပေါ်ထားရှိသည့် ရည်မှန်းချက်များကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီဟု ဗန့်စ် ပြောကြား

News Image

  • အမေရိကန်အနေဖြင့် အီရန်နိုင်ငံအပေါ်ထားရှိသည့် ရည်မှန်းချက် များကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီဟု ဗန့်စ် ပြောကြား

အမေရိကန်သည် အီရန်နိုင်ငံအပေါ်ထားရှိသည့် ၎င်း၏ရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်သဖြင့် အဆိုပါ ဒေသရှိ စစ်ရေးစစ်ဆင်ရေးများကို စတင်လျှော့ချနိုင်ပြီဖြစ်ကြောင်း အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ် (J.D. Vance) က ပြောကြားလိုက်သည်။ 

ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ်မာဘတ်မြို့တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများ၌ နျူကလီးယားပစ္စည်းများ ဖယ်ရှားရေးနှင့် ယူရေနီယံသန့်စင်မှု တားဆီးရေးဆိုင်ရာ ကိစ္စရပ်များတွင် တိုးတက်မှုအချို့ ရှိခဲ့ကြောင်း၊ ဆက်လက်လုပ်ဆောင်ရန် ရှိ၊ မရှိ မှာ အီရန်ဘက်က ဆုံးဖြတ်ရမည့် အခြေအနေဖြစ်ကြောင်း ၎င်းက Fox News နှင့် အင်တာဗျူးတွင် ထည့်သွင်းပြောဆိုခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ဟော်မုဇ်ရေလက်ကြားရှိ အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့မှုများ စတင်ပြုလုပ်ခဲ့ပြီး၊ ယင်းမှာ တီဟီရန် ကို ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ပြန်လာစေရန်နှင့် မြင့်တက်နေသော ကမ္ဘာ့စွမ်းအင်စျေးနှုန်းများကိုထိန်းညှိနိုင်ရန် ရေနံလမ်းကြောင်းပြန်ဖွင့်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဆိုသည်။ ဒုတိယသမ္မတ ဗန့်စ်က အမေရိကန် ၏ကန့်သတ်ချက်များကို လိုက်နာပါက နိုင်ငံနှစ်ခုလုံးအတွက် ကောင်းမွန် သည့် သဘောတူညီချက် ရရှိနိုင်မည်ဟု မျှော်လင့်ချက်ပေးထားသည်။

သို့သော်လည်း အီရန်ဘက်ကမူ ဝါရှင်တန်၏ ရည်ရွယ်ချက်များအပေါ် လွန်စွာ သံသယရှိနေဆဲဖြစ်သည်။ အီရန် လွှတ်တော်အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒကော်မတီ အကြီးအကဲ အီဘရာဟင် အဇီဇီက အမေရိကန်သည် ၎င်းတို့ထက်ပို၍ သဘောတူညီချက်ကို လိုအပ်နေခြင်းဖြစ်ပြီး ဝါရှင်တန်အနေဖြင့် အီရန်၏ စည်းကမ်းချက်များကို လက်ခံရမည်ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။ အီရန်ပြည်သူအချို့မှာ ဆွေးနွေးပွဲဝင်ခြင်းအပေါ် မကျေမနပ်ဖြစ်နေကြပြီး မောက်မာမှုနှင့် နယ်ချဲ့ဝါဒကို ကျင့်သုံးနေသည့် အမေရိကန်၏ ကတိကဝတ်များကို ယုံကြည်ရန်ခက်ခဲကြောင်း အီရန် ဘက်က တင်းမာစွာတုံ့ပြန်ထားသဖြင့် နှစ်နိုင်ငံကြား ဆွေးနွေးမှုများမှာ ရှေ့မတိုးသာနောက်မဆုတ်သာ အခြေအနေနှင့် ရင်ဆိုင်နေရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး