အီရန်နှင့်စစ်ဖြစ်ခြင်းက နေတန်ယာဟုအတွက် နိုင်ငံရေးအရှုံးဖြစ်နိုင်ဟု အစ္စရေး ယာယီသမ္မတဟောင်း သတိပေး

News Image

  • အီရန်နှင့်စစ်ဖြစ်ခြင်းက နေတန်ယာဟုအတွက် နိုင်ငံရေးအရှုံးဖြစ်နိုင်ဟု အစ္စရေး ယာယီသမ္မတဟောင်း သတိပေး

အီရန်အပေါ် ဆင်နွှဲခဲ့သည့် အမေရိကန်-အစ္စရေး စစ်ပွဲနှင့် မကြာသေးမီက ကြေညာခဲ့သော အပစ်အခတ်ရပ်စဲရေးတို့သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုတို့ကြားရှိ နိုင်ငံရေးအကျိုးစီးပွား ပဋိပက္ခကို မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်ကြောင်း အစ္စရေး ယာယီသမ္မတဟောင်းနှင့် လွှတ်တော်ဥက္ကဋ္ဌ ဟောင်း အာဗရာဟမ် ဘာ့ဂ် (Avraham Burg) က ဝေဖန်ပြောကြားလိုက်သည်။

RT သတင်းဌာနနှင့် ပြုလုပ်သည့် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် ဘာ့ဂ် က ရှင်းလင်းရာ၌ သမ္မတထရမ့်အနေဖြင့် အမေရိကန်ပြည်ထောင်စု၏ သက်တမ်းဝက်ရွေးကောက်ပွဲများကို မထိခိုက်စေရန် စစ်ပွဲကို အမြန်ဆုံးအဆုံးသတ်လိုသော်လည်း နေတန်ယာဟုမှာမူ လာမည့် အောက်တိုဘာလ ရွေးကောက်ပွဲတွင် ပြည်သူများ၏ မျိုးချစ်စိတ်ကို အသုံးချကာ အာဏာတည်မြဲရေးအတွက် စစ်ပွဲကို တတ်နိုင်သမျှ အချိန်ဆွဲလိုခဲ့ကြောင်း ထောက်ပြခဲ့သည်။ သို့သော် ဝန်ကြီးချုပ်၏ အဆိုပါ လောင်းကြေးထပ်မှုမှာ အလုပ်မဖြစ်ခဲ့ဘဲ ၎င်းအတွက် နိုင်ငံရေးအရ အမြတ်မထွက်သည့် အပြင် များစွာဆုံးရှုံးနိုင်ခြေရှိနေကြောင်း ၎င်းက သုံးသပ်ထားသည်။

ထို့ပြင် အီရန်သည် အစ္စရေးနိုင်ငံ၏ တည်ရှိမှုအတွက် အမှန်တကယ် ခြိမ်းခြောက်မှုမဟုတ်ဘဲ သံတမန်နည်းလမ်းဖြင့် ဖြေရှင်း၍ရသော ကိစ္စ ဖြစ်ကြောင်းနှင့် နေတန်ယာဟုအနေဖြင့် အာဏာအတွက် နျူကလီးယားလက်နက် အသုံးပြုလိမ့်မည်ဟူသော ခန့်မှန်းချက်များကိုလည်း ဘာ့ဂ်က ပယ်ချခဲ့သည်။ ၎င်းက လက်ရှိအပစ်အခတ်ရပ်စဲရေးကို အမေရိကန်က အစ္စရေးအား "လမ်းခွဲလိုက်ခြင်း" ဟု တင်စားခဲ့ပြီး အဆိုပါပဋိပက္ခတွင် အကြီးအကျယ်ထိုးနှက်ခံရသော်လည်း ဆက်လက်ရှင်သန်နိုင်ခဲ့သည့် အီရန်သည်သာ အစစ်အမှန် အနိုင်ရရှိသူဖြစ်ကြောင်း ကောက်ချက်ချခဲ့သည်။

နောက်ဆုံးအနေဖြင့် နေတန်ယာဟု၏ လှည့်ကွက်များနှင့် အာဏာဖက်တွယ်မှုများကို အစ္စရေးပြည်သူများ ငြီးငွေ့နေပြီဖြစ်ရာ လာမည့် ရွေးကောက်ပွဲသည် နေတန်ယာဟုအစိုးရ၏ နောက်ဆုံးလပိုင်းများ ဖြစ်လာလိမ့်မည်ဟု ဘာ့ဂ်က ခန့်မှန်းပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး