ကိုးလ်ပယ်မာ အပြောင်းအရွှေ့သတင်းများ ငြင်းပယ်ကာ ချယ်လ်ဆီးတွင် ဆက်ကစားရန်ဆုံးဖြတ်
လန်ဒန်၊ ဧပြီ ၁၉ — ချယ်လ်ဆီးအသင်း၏ ကွင်းလယ်ကစားသမား ကိုးလ်ပယ်မာသည် အပြောင်းအရွှေ့သတင်းများကို ငြင်းပယ်ကာ အသင်း၌သာ ဆက်လက်ကစားရန် ဆုံးဖြတ်ထားကြောင်း သိရသည်။
အသက် ၂၃ နှစ်အရွယ်ရှိ ကိုးလ်ပယ်မာသည် မန်စီးတီးအသင်း အကယ်ဒမီထွက် ကစားသမားဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ပွဲကစားခွင့်အခြေအနေကြောင့် ချယ်လ်ဆီးသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။
ချယ်လ်ဆီးအသင်းနှင့် ပထမရာသီတွင်ပင် ကိုးလ်ပယ်မာသည် ပြိုင်ပွဲစုံ ၄၅ ပွဲကစား၍ ၂၅ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၅ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုပါ ရရှိခဲ့သည်။
သို့သော် ယခုရာသီတွင် ခြေစွမ်းအနည်းငယ်ကျဆင်းမှုနှင့်အတူ အသင်းအခြေအနေကြောင့် မပျော်ရွှင်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး လာမည့်နွေရာသီတွင် အသင်းမှထွက်ခွာမည်ဟုလည်း ခန့်မှန်းမှုများရှိခဲ့သည်။
ထိုအထဲတွင် မန်ယူအသင်းသို့ ပြောင်းရွှေ့မည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ကိုးလ်ပယ်မာက အဆိုပါသတင်းများကို ငြင်းပယ်ထားပြီး ချယ်လ်ဆီးအသင်းတွင်သာ ဆက်လက်ကစားရန် ဆုံးဖြတ်ထားကြောင်း သိရသည်။
ကိုးလ်ပယ်မာသည် ချယ်လ်ဆီးအသင်းနှင့် ၂၀၃၃ ခုနှစ်အထိ သက်တမ်းရှည်စာချုပ် ချုပ်ဆိုထားပြီး အသင်းတွင် ကာလရှည်ဆက်လက်ရှိနေနိုင်ဖွယ်ရှိသည်။
Ref: Top Skills Sports UK
MWD
