အမေရိကန်နှင့် အီရန်ကြား အပစ်အခတ်ရပ်စဲရေး သက်တမ်းကုန်ဆုံးတော့မည်ဖြစ်၍ စစ်ရေးတင်းမာမှုများ ပြန်လည်မြင့်တက်လာ

News Image

  • အမေရိကန်နှင့် အီရန်ကြား အပစ်အခတ်ရပ်စဲရေး သက်တမ်းကုန်ဆုံးတော့မည်ဖြစ်၍ စစ်ရေးတင်းမာမှုများ ပြန်လည်မြင့်တက်လာ

အမေရိကန်နှင့် အီရန်နိုင်ငံတို့ကြား သဘောတူညီထားသည့် သီတင်းနှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးသက်တမ်းမှာ လာမည့်အင်္ဂါနေ့ (ဧပြီလ ၂၁) ညနေပိုင်းတွင် ကုန်ဆုံးတော့မည်ဖြစ်ရာ နှစ်နိုင်ငံကြား စစ်ရေးအရတင်းမာမှုများ ပြန်လည်မြင့်တက်နေပြီး အဖြေတစ်ခုရှာဖွေရန် ဖိအားများဖြစ်ပေါ်နေသည်။ အဆိုပါ အပစ်အခတ်ရပ်စဲမှုကို သမ္မတ ထရမ့်က ဧပြီလ ၇ ရက်နေ့တွင် စတင်ကြေညာခဲ့ခြင်းဖြစ်ပြီး သက်တမ်းကုန်ဆုံးမည့်အချိန် အတိအကျကို တာဝန်ရှိသူများက ထုတ်ပြန်ထားခြင်းမရှိသော်လည်း အီရန်စံတော်ချိန်အရ ဧပြီလ ၂၂ ရက် (ဗုဒ္ဓဟူးနေ့) နံနက်ပိုင်းတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

အပစ်ရပ်စဲရေး သက်တမ်းတိုးရန်ကိစ္စနှင့်ပတ်သက်၍ သမ္မတ ထရမ့် သည် ရှေ့နောက်မညီသော မှတ်ချက်များကို ပေးလျက်ရှိသည်။ ၎င်းက သဘော တူညီချက်မရပါက တိုက်ပွဲများပြန်စမည်ဟု ပြတ်သားစွာပြောဆိုခဲ့သကဲ့သို့ တစ်ဖက်တွင်လည်း လိုအပ်ပါကသက်တမ်းတိုးပေးနိုင်ကြောင်း လေသံ ပျော့၍ ပြောဆိုခဲ့သည်။ သို့သော် နောက်ဆုံးတွင် ညှိနှိုင်းဆွေးနွေးမှုများအပေါ်မူတည်၍ သက်တမ်းတိုးရန် မလိုအပ်နိုင်ကြောင်း ခန့်မှန်း ပြောဆိုမှုများလည်း ရှိခဲ့သည်။

လက်ရှိတွင် အီရန်နိုင်ငံဘက်မှ ဆွေးနွေးပွဲများသို့ ပြန်လည် တက်ရောက်ရန် ဝန်လေးနေသည့် အခြေအနေများရှိနေစဉ် သမ္မတ ထရမ့်က ၎င်း၏ လူမှု ကွန်ရက်စာမျက်နှာဖြစ်သော Truth Social မှတစ်ဆင့် အီရန်အပေါ် ပြင်းထန်သောခြိမ်းခြောက်မှုများ ထပ်မံပြုလုပ်ခဲ့သည်။

အီရန်နိုင်ငံအနေဖြင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ပစ်ခတ်ခြင်းဖြင့် အပစ်ရပ်စဲရေးကို ချိုးဖောက်နေသည်ဟု စွပ်စွဲခဲ့ပြီး သဘော တူညီချက်မရရှိပါက အီရန်ရှိ တံတားများနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဖျက်ဆီးပစ်မည်ဟု ဆိုကာ "လူကောင်းလုပ်နေရသည့်အချိန် ကုန်ဆုံးသွားပြီ" ဖြစ်ကြောင်း ရေးသားခဲ့သည်။ သို့သော် ထရမ့် သည် ယခင်ကလည်း ယခုကဲ့သို့ ပြင်းထန်သောခြိမ်းခြောက်မှုများ ပြုလုပ်ပြီးမှ ပြန်လည်လျှော့ချလေ့ရှိသည့် အစဉ်အလာများရှိနေကြောင်း သတင်းဝေဖန်ချက်များက ဆိုသည်။

ကိုးကား- CNN

Photo: The Independent

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး