အီရန်သို့ တရုတ်လက်နက်များ ပေးပို့နေမှုအပေါ် သမ္မတထရမ့်၏ တုံ့ပြန်မှုနှင့် သံတမန်ရေးရာ အခြေအနေ

News Image

  • အီရန်သို့ တရုတ်လက်နက်များ ပေးပို့နေမှုအပေါ် သမ္မတထရမ့်၏ တုံ့ပြန်မှုနှင့် သံတမန်ရေးရာ အခြေအနေ

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် CNBC သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ၎င်းတို့အစိုးရအဖွဲ့အနေဖြင့် မသင်္ကာဖွယ်ရာ ပစ္စည်းများ တင်ဆောင်လာသည့် သင်္ဘောတစ်စီးကို ကြားဖြတ်ဖမ်းဆီးရမိထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

သမ္မတထရမ့်က အဆိုပါသင်္ဘောပေါ်တွင် ပါရှိသည့်ပစ္စည်းများကို "တရုတ် နိုင်ငံမှ လက်ဆောင်" ဟု တင်စားခေါ်ဝေါ်ခဲ့ပြီး ၎င်းနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့အကြား ကောင်းမွန်သောဆက်ဆံရေးရှိနေသည့်ကြားမှ ယခုကဲ့သို့ ဖြစ်ရပ်မျိုး ပေါ်ပေါက်လာခြင်းအပေါ် အံ့သြမိကြောင်း မှတ်ချက်ပေးခဲ့သည်။ အိမ်ဖြူတော်ဘက်မှ အဆိုပါသင်္ဘောနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိသေးသော်လည်း ယင်းဖြစ်ရပ်သည် နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှုများကို သိသာထင်ရှားစေသည်။

ပြီးခဲ့သည့် သီတင်းပတ်က CNN သတင်းဌာန၏ ဖော်ပြချက်အရ တရုတ် နိုင်ငံသည် အီရန်နိုင်ငံသို့ လေကြောင်းကာကွယ်ရေးစနစ်သစ်များ ပေးပို့ရန် ပြင်ဆင်နေကြောင်း အမေရိကန် ထောက်လှမ်းရေးသတင်းများက ဆိုထားသည်။ သမ္မတထရမ့်က အီရန်သို့ လက်နက်များ ထောက်ပံ့ကူညီပါက တရုတ်နိုင်ငံအနေဖြင့် ကြီးမားသောပြဿနာများနှင့်ရင်ဆိုင်ရမည်ဟု ယခင်က သတိပေးခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်တွင်မူ "ဒါဟာ စစ်ပွဲရဲ့ သဘာဝ ပဲ" ဟု ဆိုကာ ယခင်ကထက် ပိုမို ပေါ့ပါးသော လေသံဖြင့် တုံ့ပြန်ခဲ့သည်ကို တွေ့ရသည်။ 

ထိုကဲ့သို့သော အခြေအနေများအကြားတွင် သမ္မတထရမ့်သည် လာမည့်လအတွင်း တရုတ်နိုင်ငံ ပေကျင်းမြို့သို့ သွားရောက်လည်ပတ်ရန် စီစဉ် ထားရာ ၎င်း၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးနှင့် လက်နက်ပံ့ပိုးမှုဆိုင်ရာကိစ္စရပ်များမှာ စိတ်ဝင်စားဖွယ်ရာ ဖြစ်လာဖွယ်ရှိသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး