တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ဘော်လီဘောပြိုင်ပွဲကျင်းပ ထားဝယ်မြို့နယ်အသင်းနှင့် ပုလောမြို့နယ်အသင်းတို့ စတင်ယှဉ်ပြိုင်

News Image

  • တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ဘော်လီဘောပြိုင်ပွဲကျင်းပ ထားဝယ်မြို့နယ်အသင်းနှင့် ပုလောမြို့နယ်အသင်းတို့ စတင်ယှဉ်ပြိုင်

ထားဝယ်     ဧပြီ     ၂၃

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား   မြို့နယ်ပေါင်းစုံ   အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၂၃ ရက်  ညနေ  ၄  နာရီက  ထားဝယ်မြို့  ရွှေဝယ်သီရိ အားကစားခန်းမ၌ ကျင်းပသည်။

ဦးစွာ  ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်း နေရာယူပြီး တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်   ဦးဇော်နိုင်ဦးအား စစ်ရေးပြမှူးက ဦးဆောင်၍  ပြိုင်ပွဲဝင်အသင်းများမှ ကစားသမားများက အလေးပြုပြီး တန်းအပ်သည်။

ဖွင့်ပွဲအခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ယနေ့ကျင်းပပြုလုပ်သော တိုင်းဒေသကြီး မြို့နယ်ပေါင်းစုံဘော်လီဘောပြိုင်ပွဲသည်  တောင်ကြီးမြို့၌   ၂၀၂၆   ခုနှစ် ဇွန်  ၁၀ ရက်မှ  ၁၉  ရက်အထိ ကျင်းပပြုလုပ်မည့် ပြည်နယ်နှင့် တိုင်းဒေသကြီး   ဘော်လီဘောပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီးကိုယ်စားပြု ဘော်လီဘောကစားသမားများရွေးထုတ်နိုင်ရန် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ဘော်လီဘောအားကစားကို ပြည်သူတစ်ရပ် လုံး နိုးကြားတက်ကြွစွာ အားပေးလာခြင်းဖြင့် ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွန်းလာပြီး ဘော်လီဘောအားကစားအဆင့်အတန်း ပိုမိုမြင့်မားတိုးတက်လာစေရေးတွင် အထောက်အကူပြုနိုင်ရန် ရည်ရွယ်ပြီး ကျင်းပပေးခြင်းဖြစ် ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ဘော်လီဘောအားကစားနည်းတွင် အောင်မြင်မှုအနေဖြင့် ၂၀၁၇ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး  ဘော်လီဘော ပြိုင်ပွဲတွင် အမျိုးသမီးအသင်းအနေဖြင့်  ပထမ၊ (၂၀၁၈၊ ၂၀၁၉ ၊ ၂၀၂၂ )ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသမီးပြိုင်ပွဲများတွင် တတိယနှင့် ၂၀၂၄  ခုနှစ် အမျိုးသားအားကစားပွဲတော်တွင် ဒုတိယရရှိခဲ့သောကြောင့် အောင်မြင်မှုအရှိန်အဟုန်များကို ဆက်လက်ထိန်းသိမ်းနိုင်အောင် ဘော်လီဘောအားကစားသမား အားလုံးက ကြိုးစားအားထုတ်သွားကြရန် မှာကြားလိုကြောင်း၊ ယခုပြိုင်ပွဲမှ အရည်အချင်းရှိသော ဘော်လီဘော အားကစားသမားများကို စိစစ်ရွေးချယ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲသို့ စေလွှတ်ယှဉ်ပြိုင်သွားမည်ဖြစ်‌သောကြောင့် ဘော်လီဘော အားကစားသမားများအနေဖြင့်  တိုင်းဒေသကြီး လက်ရွေးစင်အဖြစ် ရွေးချယ်ခံရအောင် ကိုယ်စီကျွမ်းကျင်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှုတို့ဖြင့် အနိုင်မခံအရှုံးမပေးသော အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် ကြိုးစားယှဉ်ပြိုင်ကစားကြရန်လိုအပ်ကြောင်း၊ ဘော်လီဘော အားကစားသမားများအနေဖြင့်  အရည်အချင်းပြည့်ဝသော တိုင်းဂုဏ်ဆောင်၊   နိုင်ငံ့ဂုဏ်ဆောင်  အားကစားသမားကောင်းဖြစ်အောင်  ကြိုးစားယှဉ်ပြိုင်ကြရန်   လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်   ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုပြီး ကွင်းအတွင်းမှပြန်လည် ထွက်ခွာကာ အမျိုးသားထားဝယ်မြို့နယ်အသင်းနှင့် ပုလောမြို့နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို  တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ   ကြည့်ရှုအားပေးရာ   ထားဝယ်မြို့နယ်အသင်းက အနိုင်ရရှိသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် အမျိုးသားခြောက်သင်း၊ အမျိုးသမီးခြောက်သင်းတို့က ဧပြီ   ၂၇  ရက်အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း  သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

MDN