ကယ်လိုရီပိုမစားသော်လည်း ပေါင်မုန့်က ကိုယ်အလေးချိန် တက်လာစေနိုင်
ကယ်လိုရီပမာဏ ပိုမစားသော်လည်း ပေါင်မုန့်နဲ့ဆန်လိုမျိုး ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့အစားအစာများကို စားခြင်းက ကိုယ်အလေးချိန် တက်လာစေနိုင်ကြောင်း သုတေသနအသစ်တစ်ခုမှာ တွေ့ရှိရပါတယ်။
အိုဆာကာမက်ထရိုပိုလီတန်တက္ကသိုလ်မှ ပညာရှင်များရဲ့ လေ့လာချက်များအရ အစားအသောက်ပမာဏကို ကန့်သတ်ထားရင်တောင် ကာဗိုဟိုက်ဒရိတ်အပေါ် နှစ်သက်စွဲလမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဇီဝကမ္မဖြစ်စဉ် အပြောင်းအလဲတွေက ခန္ဓာကိုယ်အလေးချိန်ကို တိုးလာစေတာဖြစ်ပါတယ်။
ပေါင်မုန့် ဒါမှမဟုတ် ဆန်မှုန့်လို အစားအစာတွေကို စားသုံးတဲ့အခါ ခန္ဓာကိုယ်ရဲ့ စွမ်းအင်သုံးစွဲမှု လျော့ကျသွားတာတွေ့ရပါတယ်။ ဆိုလိုတာက အစာကိုပိုမစားဘဲကယ်လိုရီပမာဏ အတူတူဖြစ်နေရင်တောင် ခန္ဓာကိုယ်က စွမ်းအင်ကို အရင်ထက် လျှော့သုံးတဲ့အတွက် အဆီတွေစုဆောင်းမိလာတာပါ။ သွေးစစ်ချက်တွေအရလည်း ခန္ဓာကိုယ်မှာ ဖက်တီးအက်စစ်တွေများလာပြီး အသည်းမှာ အဆီစုပုံမှုပိုများလာတာကို တွေ့ရပါတယ်။
အဲဒီလို ကာဗိုဟိုက်ဒရိတ်တွေကို အစားအသောက်ထဲကနေ ဖယ်ထုတ်လိုက်တဲ့အခါ ကိုယ်အလေးချိန်နဲ့ ဇီဝကမ္မဖြစ်စဉ် မူမမှန်မှုတွေက မြန်ဆန်စွာပဲပြန်လည် ကောင်းမွန်လာတာ တွေ့ရပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် ထိန်းသိမ်းချင်သူတွေအနေနဲ့ ကာဗိုဟိုက်ဒရိတ် အလွန်အကျွံစားသုံးမှုကို လျှော့ချဖို့ လိုအပ်ပါတယ်။
MWD
