ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် ဘော်လီဘောပြိုင်ပွဲစတင်ကျင်းပ

News Image

  • ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် ဘော်လီဘောပြိုင်ပွဲစတင်ကျင်းပ

ရန်ကုန်    ဧပြီ     ၂၃

၂၀၂၆ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏရှိ အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁)၌ ကျင်းပရာ ပထမပွဲစဉ်အဖြစ် အလုံခရိုင်အသင်းနှင့် မရမ်းကုန်းခရိုင်အသင်းတို့ စတင်ယှဉ်ပြိုင်ကစားကြသည်။

အဆိုပါပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ပေါင်း(၁၄) ခရိုင်မှ အသင်း ၁၄ သင်း ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး  ပြိုင်ပွဲများကို ဧပြီ ၂၃ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ကျင်းပသည့်  ၂၀၂၆ ခုနှစ်  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက်  အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ အားကစားပြိုင်ပွဲရုံအတွင်းကျင်းပခဲ့ပြီး အခမ်းအနားတွင် တိုင်းဒေသကြီး  အားကစားနှင့် ကာယပညာကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အားကစားသမားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားကစားပစ္စည်းများကို  ပေးအပ်ခြင်းနှင့် ဘင်ခရာအဖွဲ့အတွက် ချီးမြှင့်ငွေများ  ပေးအပ်သည်။

ဖွင့်ပွဲအခမ်းအနားအတွင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြိုင်ပွဲတွင် တာဝန်ယူကြမည့် ဒိုင်များအနေဖြင့် ဘက်လိုက်မှုကင်းစွာနှင့် ချမှတ်ထားသည့်  ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို  လိုက်နာကြရန်၊ ယှဉ်ပြိုင်မည့် အားကစားသမားများအနေဖြင့်လည်း ပြိုင်ပွဲမှချမှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာကြရန်နှင့် နောင်တစ်ချိန်တွင်လည်း နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်သည့် ထူးချွန်အားကစားသမားများဖြစ်လာအောင် ကြိုးစားကြရန် ပြောကြားသည်။

ဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးဌာနဆိုင်ရာများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစား သမားများနှင့်  တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဇွဲထက်ကို(ပြန်/ဆက်)

MDN