ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တဲ့ နေ့စဉ်လုပ်နေကျ အလေ့အထလေးတစ်ခု
ကင်ဆာရောဂါကို ကာကွယ်ဖို့ဆိုရင် နေ့စဉ်လုပ်ဆောင်လေ့ရှိတဲ့ ကိုယ်လက် လှုပ်ရှားမှုအလေ့အထတစ်ခုက တကယ် ကိုအထောက်အကူပြုပါတယ်။ ကိုယ်လက် လှုပ်ရှားတာက ခန္ဓာကိုယ်လုပ်ဆောင်ချက် တွေကို ပိုကောင်းစေပြီး ကင်ဆာဖြစ်နိုင် ခြေကို သိသိသာသာလျှော့ချပေးနိုင်တယ် လို့ သုတေသနတွေမှာ တွေ့ရပါတယ်။
အထူးသဖြင့် ရင်သားကင်ဆာ၊ အူမကြီး ကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ လူသေဆုံးမှု များတဲ့ကင်ဆာရောဂါတော်တော်များများ ဟာ နေ့စဉ်လှုပ်လှုပ်ရှားရှားနေထိုင်သူတွေမှာ ဖြစ်ပွားမှုပိုနည်းတာတွေ့ရပါတယ်။ လေ့လာမှုတစ်ခုအရ တစ်ရက်ကိုခြေလှမ်း ၇၀၀၀ ဝန်းကျင်လျှောက်သူတွေက ခြေလှမ်း၅၀၀၀ လောက်သာလျှောက်သူတွေထက် ကင်ဆာဖြစ်နိုင်ခြေ ၁၁ ရာခိုင်နှုန်း ပိုနည်းပြီး ခြေလှမ်း ၉၀၀၀ အထိ လျှောက်နိုင်ရင်တော့ ၁၆ ရာခိုင်နှုန်းအထိတောင် လျော့ကျသွားတာပါ။
ဒါကြောင့် ကျန်းမာရေးပညာရှင်တွေက တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ လောက် အသင့်အတင့် ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ ဒါမှမဟုတ် ၇၅ မိနစ်လောက် ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်းထားပါတယ်။ လမ်းသွက်သွက်လျှောက်တာမျိုးက ခန္ဓာကိုယ်ထဲက ရောင်ရမ်းမှုတွေကို ထိန်းချုပ်ပေးပြီး ခုခံအားကိုကောင်းစေပါတယ်။ အစာစားပြီးလမ်းလျှောက်တာမျိုးလို အလေ့အကျင့်လေးတွေကစပြီး ဂရုစိုက်သင့်ပါတယ်။
MWD
