ကမ္ဘာ့စတော့စျေးကွက်များ ကျဆင်းနိုင်ခြေရှိကြောင်း အင်္ဂလန် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ သတိပေး
စီးပွားရေးကဏ္ဍတွင် ရင်ဆိုင်နေရသည့် အန္တရာယ်များစွာ ရှိနေသော်လည်း ရှယ်ယာစျေးနှုန်းများသည် အလွန်အမင်းမြင့်တက်နေသည့်အတွက် ကမ္ဘာတစ်ဝန်းရှိ စတော့စျေးကွက်များ ပြန်လည်ကျဆင်းသွားလိမ့်မည် ဟု အင်္ဂလန် ဗဟိုဘဏ်က မျှော်လင့်ထားကြောင်း ဒုတိယဥက္ကဋ္ဌက BBC သို့ ပြောကြားခဲ့သည်။
“အန္တရာယ်တွေ အများကြီးရှိနေပေမဲ့ ပိုင်ဆိုင်မှုစျေးနှုန်းတွေကတော့စံချိန်တင် မြင့်တက်နေဆဲဖြစ်ပါတယ်၊ တစ်ချိန်ချိန်မှာတော့ စျေးနှုန်းတွေ ပြန်လည်ချိန်ညှိမှု (Adjustment) ဖြစ်လာလိမ့်မယ်လို့ ကျွန်မတို့ မျှော်လင့်ထားပါတယ်” ဟု ဆာရာ ဘရီဒန် (Sarah Breeden) က ဧပြီ ၂၄ ရက်နေ့တွင် ထုတ်ဝေသည့် အင်တာဗျူးတွင် ပြောဆိုခဲ့သည်။
စျေးကွက်များ မည်သည့်အချိန်တွင်ပြန်ကျမည် သို့မဟုတ် မည်မျှအထိကျဆင်းမည်ဆိုသည်ကို သူမက ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုခဲ့သော်လည်း စျေးကွက်အတွင်း လျစ်လျူရှုထားကြသည့်အချက်အလက်အချို့ကိုမူ ထောက်ပြခဲ့သည်။
၎င်းက ဆက်လက်၍ “ကျွန်မကို တကယ်ပဲ စိုးရိမ်ပူပန်စေတဲ့အချက်ကတော့ အန္တရာယ်တွေအများကြီး တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာ နိုင်ခြေ (Crystallizing) ရှိနေတာပါပဲ။ ဥပမာ - ကြီးမားတဲ့ မက်ခရို စီးပွားရေးဆိုင်ရာ တုန်လှုပ်မှုတွေဖြစ်လာတာ၊ ပုဂ္ဂလိကချေးငွေအပေါ် ယုံကြည်မှု ပျောက်ဆုံးသွားတာ၊ AI နဲ့ တခြားသော စွန့်စားရတဲ့ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးတွေ ပြန်လည်ကျဆင်းသွားတာမျိုးတွေ ဖြစ်ပါတယ်၊ အဲဒီလို အခြေအနေမျိုးမှာ ဘာတွေဖြစ်လာမလဲ၊ ကျွန်မတို့ကကော အဲဒါအတွက် အဆင်သင့်ဖြစ်ပြီလား ဆိုတာပါပဲ” ဟု ပြောကြားခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
