ကမ္ဘာ့ရေနံစိမ်းဈေး တစ်စည်လျှင် ၁၂၆ ဒေါ်လာဖြင့် လေးနှစ်အတွင်း အမြင့်ဆုံးသို့ရောက်ရှိ
အမေရိကန်နှင့်အီရန် ဆွေးနွေးမှုများ ရပ်တန့်နေခြင်းနှင့်အတူ သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့ထားမှုအပေါ် သက်တမ်းတိုးဖွယ်ရှိသည်ဟူသော သတင်းများကြောင့် ဧပြီလ ၃၀ ရက်တွင် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းသည် လေးနှစ်အတွင်းအမြင့်ဆုံးအဖြစ် တစ်စည်လျှင် ၁၂၆ ဒေါ်လာအထိ မြင့်တက်သွားကြောင်း သိရသည်။
အဆိုပါဈေးနှုန်းသည် ယူကရိန်းပဋိပက္ခ အရှိန်မြင့်သည့် ၂၀၂၂ ခုနှစ် မတ်လနောက်ပိုင်း အမြင့်ဆုံးဖြစ်လာပြီး နောက်ပိုင်းတွင် ၁၂၅ ဒသမ ၃၀ ဒေါ်လာသို့ ပြန်လည်ကျဆင်းသွားသည်။ ဟော်မုရေလက်ကြားတွင် သွားလာမှုများ အနှောင့်အယှက်ဖြစ်နေဆဲဖြစ်ရာ WTI ရေနံဈေးနှုန်းမှာလည်း ၁၀ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်စည်လျှင် ၁၁၀ ဒသမ ၅ ဒေါ်လာ ဖြစ်လာသည်။
အီရန်ကမူ ၎င်းတို့အပေါ်ဖိအားပေးနေသရွေ့ ကမ္ဘာ့ရေနံကုန်သွယ်မှု၏ ၂၅ ရာခိုင်နှုန်းခန့်ရှိသော ဟော်မုရေလက်ကြားမှနေ၍အမေရိကန်နှင့် မဟာမိတ်သင်္ဘောများကိုဖြတ်သန်းခွင့်မပြုဘဲ ဆက်လက်တားဆီးသွားမည်ဖြစ်ကြောင်း အခိုင်အမာပြောထားသည်။
အမေရိကန်ကလည်း အီရန်အပေါ်တိုက်ခိုက်မှုများ လုပ်ဆောင်ရန်ပြင်ဆင်နေပြီး အဆိုပါတိုက်ခိုက်မှုတွင် အီရန်၏သန့်စင်ပြီး ယူရေနီယံများကို သိမ်းဆည်းရန် အထူးတပ်ဖွဲ့များကို အသုံးချခြင်း ပါဝင်နိုင်ကြောင်း Axios သတင်းက ဆိုသည်။
MWD
