ဥရောပဗဟိုဘဏ်နှင့် အင်္ဂလန်ဗဟိုဘဏ်တို့က ငွေကြေးဖောင်းပွမှုအန္တရာယ်များကို သတိပေးခဲ့ကြသော်လည်း အတိုးနှုန်းများကို ပြောင်းလဲခြင်း မရှိဘဲ ဆက်လက်ထိန်းသိမ်းထား

News Image

  • ဥရောပဗဟိုဘဏ်နှင့် အင်္ဂလန်ဗဟိုဘဏ်တို့က ငွေကြေးဖောင်းပွမှုအန္တရာယ်များကို သတိပေးခဲ့ကြသော်လည်း အတိုးနှုန်းများကို ပြောင်းလဲခြင်း မရှိဘဲ ဆက်လက်ထိန်းသိမ်းထား

ဥရောပဗဟိုဘဏ် (ECB) သည် ၎င်း၏အဓိကအတိုးနှုန်းကို ၂ ရာခိုင်နှုန်းတွင်ပင် အပြောင်းအလဲမရှိ ဆက်လက်ထားရှိခဲ့သည်။ သို့သော် အီရန် စစ်ပွဲ၏ အကျိုးသက်ရောက်မှုများကြောင့် ငွေကြေးဖောင်းပွမှု ပိုမို မြင့်တက်လာနိုင်ပြီး စီးပွားရေးတိုးတက်မှုနှုန်းမှာလည်း အားနည်းသွားနိုင်ကြောင်း သတိပေးခဲ့သည်။

"စစ်ပွဲကာလ ပိုမိုကြာရှည်လာလေလေ၊ စွမ်းအင်စျေးနှုန်းများ မြင့်တက်နေမှု ပိုမိုကြာရှည်လေလေ၊ ငွေကြေးဖောင်းပွမှုနဲ့ စီးပွားရေးအပေါ် သက်ရောက်မှုက ပိုမိုပြင်းထန်လာဖို့ ရှိနေပါတယ်" ဟု ECB က ကြာသပတေးနေ့ (ဧပြီ ၃၀) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုနေ့ အစောပိုင်းက ထုတ်ပြန်ခဲ့သည့်အချက်အလက်များအရ ယူရိုငွေကြေးကိုအသုံးပြုသည့် ၂၁ နိုင်ငံအတွင်း ငွေကြေးဖောင်းပွမှုသည် မတ်လတွင် ၂.၆ ရာခိုင်နှုန်းရှိခဲ့ရာမှ ဧပြီလတွင် ၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။

အလားတူပင် အင်္ဂလန်ဗဟိုဘဏ် (BOE) သည်လည်း ၎င်း၏ စံသတ်မှတ်ချက်အတိုးနှုန်းကို ၃.၇၅ ရာခိုင်နှုန်းတွင်ပင် တည်ငြိမ်စွာ ထိန်းသိမ်းထားခဲ့သည်။ သို့သော်လည်း စွမ်းအင်စျေးနှုန်းများ ဆက်တိုက်မြင့်တက်နေမှုက ငွေကြေးဖောင်းပွမှုအပေါ် ဖိအားများဆက်လက်ပေးနေမည်ဆိုပါက နောင်တွင် ချေးငွေကုန်ကျစရိတ်များ (အတိုးနှုန်းများ) မြင့်တက်လာနိုင်ကြောင်း BOE က သတိပေးခဲ့သည်။

စစ်ပွဲမဖြစ်ပွားမီက ယူကေ၏ငွေကြေးဖောင်းပွမှုသည် ယခုလမှစတင်၍ ဗဟိုဘဏ်၏ ရည်မှန်းချက်ဖြစ်သော ၂ ရာခိုင်နှုန်းသို့ ပြန်လည်ကျဆင်းရန် လမ်းကြောင်းပေါ်တွင် ရှိနေခဲ့သည်။ မတ်လတွင် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၃.၃ ရာခိုင်နှုန်း ရှိခဲ့ပြီး ယခုနှစ်ကုန်တွင် ၃.၅ ရာခိုင်နှုန်းထက် အနည်းငယ် ပိုမိုမြင့်တက်လာနိုင်ကြောင်း BOE က ခန့်မှန်းထားသည်။

"ငွေကြေးဖောင်းပွမှု အလားအလာအပေါ် အခုလို ပြောင်းလဲမှုတွေဖြစ်လာရတာဟာ အရှေ့အလယ်ပိုင်းပဋိပက္ခရဲ့ တိုက်ရိုက်အကျိုးဆက်ပဲဖြစ်ပါတယ်" ဟု BOE အုပ်ချုပ်ရေးမှူး Andrew Bailey က သတင်းထောက်များကို ပြောကြားခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး