အမေရိကန်-အီရန် တင်းမာမှုကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ ၂၀၂၂ နောက်ပိုင်း အမြင့်ဆုံးသို့ ထိုးတက်
အမေရိကန်နှင့် အီရန်နိုင်ငံကြား သံတမန်ရေးရာဆွေးနွေးမှုများ ရပ်တန့်သွားခြင်းနှင့်အတူ စစ်ရေးအရ တင်းမာမှုများမြင့်တက်လာခြင်းကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများသည် ၂၀၂၂ ခုနှစ်၊ ယူကရိန်းပဋိပက္ခဖြစ်ပွားချိန်နောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့သည်။
ကြာသပတေးနေ့ (ဧပြီ ၃၀) ဈေးကွက်အတွင်း Brent ရေနံစိမ်းတစ်စည်လျှင် ၁၂၆.၃ ဒေါ်လာ အထိ စံချိန်တင် မြင့်တက်ခဲ့ပြီး အမေရိကန် ရေနံစိမ်း (WTI) မှာလည်း ၁၀.၅ ရာခိုင်နှုန်းခန့် ထိုးတက်ကာ တစ်စည်လျှင် ၁၁၀.၅ ဒေါ်လာ ဝန်းကျင်သို့ ရောက်ရှိခဲ့သည်။ ယခုကဲ့သို့ ဈေးနှုန်းများ ရုတ်တရက် မြင့်တက်ရခြင်းမှာ ကမ္ဘာ့ရေနံကုန်သွယ်မှု၏ ၂၅ ရာခိုင်နှုန်းခန့် ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားတွင် သွားလာမှုများ အနှောင့်အယှက်ဖြစ်နေခြင်း နှင့် အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့မှုသက်တမ်းထပ်တိုးရန် အမေရိကန်၏ ပြင်ဆင်မှုများကြောင့် ဖြစ်သည်။
သတင်းရင်းမြစ်များ၏ အဆိုအရ သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန် အစိုးရအား မိမိတို့ဘက်က ပိုမိုလိုလားသော ငြိမ်းချမ်းရေးစာချုပ်တွင် လက်မှတ်ရေးထိုးလာစေရန် ဖိအားပေးသည့်အနေဖြင့် အီရန် ဆိပ်ကမ်းများကို လပေါင်းများစွာဆက်လက်ပိတ်ဆို့ထားရန် ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။
ယင်းအပေါ် အီရန်အာဏာပိုင်များကလည်း အမေရိကန်နှင့် ၎င်း၏ မဟာမိတ်သင်္ဘောများကို ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းခွင့် ဆက်လက်ပိတ်ပင်သွားမည်ဟု တုံ့ပြန်ထားသည့်အပြင် အမေရိကန်၏ ပိတ်ဆို့မှုများကိုတုံ့ပြန်ရန် မကြုံစဖူးသော စစ်ရေးအရေးယူမှုများပြုလုပ်ရန် အသင့်ရှိ ကြောင်း သတိပေးထားသည်။
အခြေအနေများ ပိုမိုဆိုးရွားလာနိုင်ခြေရှိသည်မှာ အမေရိကန် စစ်ဌာနချုပ် (Pentagon) က အီရန်နိုင်ငံ၏ အခြေခံအဆောက်အအုံများကို လေကြောင်း မှ ပြင်းထန်စွာတိုက်ခိုက်ရန်၊ ရေလမ်းကြောင်းများ ပြန်လည် ပွင့်လင်းစေရန် မြေပြင်တပ်ဖွဲ့များဖြင့် ဟော်မုဇ်ရေလက်ကြား၏ အချို့နေရာများကို သိမ်းပိုက်ရန်နှင့် အီရန်၏ယူရေနီယံများကို သိမ်းဆည်းရန်အတွက် အထူးတပ်ဖွဲ့များ စေလွှတ်ရန်စသည့် စစ်ရေးစီမံချက်များကို သမ္မတထရမ့်ထံ တင်ပြရန် ပြင်ဆင်နေခြင်းပင် ဖြစ်သည်။
သံတမန်ရေးလမ်းကြောင်းတွင်မူ ပြီးခဲ့သည့် ဧပြီလလယ်က ပါကစ္စတန် နိုင်ငံ၊ အစ္စလာမ္မာဘတ်တွင် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများ ပျက်ပြားခဲ့ပြီး နောက်ပိုင်း နှစ်ဖက်တိုက်ရိုက်တွေ့ဆုံမှု မရှိသေးပေ။ အီရန် နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် ငြင်းဆိုထား သော်လည်း ပါကစ္စတန်၏ ကြားဝင်စေ့စပ်မှုဖြင့် နှစ်ဖက်စလုံးက ပဋိပက္ခကိုအဆုံးသတ်နိုင်မည့် အလားအလာရှိသောသဘောတူညီချက်များအတွက် သတင်းစကားများ အပြန်အလှန်ပေးပို့နေဆဲဖြစ်ကြောင်း သိရှိရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
