ဟော်မုဇ်ရေလက်ကြား တင်းမာမှုအတွင်း ပါကစ္စတန်က အီရန်သို့ ကုန်းလမ်းကုန်သွယ်ရေးလမ်းကြောင်း ၆ ခု ဖွင့်လှစ်

News Image

  • ဟော်မုဇ်ရေလက်ကြား တင်းမာမှုအတွင်း ပါကစ္စတန်က အီရန်သို့ ကုန်းလမ်းကုန်သွယ်ရေးလမ်းကြောင်း ၆ ခု ဖွင့်လှစ်

ကမ္ဘာတစ်ဝန်း၏အာရုံစိုက်မှုမှာ အရေးပါသော ဟော်မုဇ်ရေလက်ကြားအပေါ်တွင်ရှိနေစဉ် ပါကစ္စတန်နိုင်ငံသည် အီရန်နိုင်ငံသို့ ဦးတည်မည့် ကုန်စည်များအတွက် ကုန်းလမ်းဖြတ်သန်းသယ်ယူပို့ဆောင်ရေး လမ်းကြောင်း ၆ ခုကို ဖွင့်လှစ်ပေးလိုက်သည်။

ပါကစ္စတန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် "၂၀၂၆ ခုနှစ် ပါကစ္စတန်နယ်မြေအတွင်း ကုန်စည်များ ဖြတ်သန်းသယ်ယူခွင့် အမိန့်" ကို ဧပြီလ ၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ချက်ချင်း အသက်ဝင်စေခဲ့သည်။ ယင်းသည် ကုန်စည်များ ပိတ်ဆို့နေမှုကို ဖြေရှင်းရန်အတွက် ၎င်း၏နယ်မြေအတွင်းမှ ကုန်းလမ်းစင်္ကြံတစ်ခုကို တရားဝင်ခွင့်ပြုပေးလိုက်ခြင်း ဖြစ်သည်။

ထိုအမိန့်အရ တတိယနိုင်ငံများမှလာသော ကုန်စည်များကို ပါကစ္စတန် နိုင်ငံအတွင်း ဖြတ်သန်း၍ အီရန်နိုင်ငံသို့ ကုန်းလမ်းဖြင့် ပို့ဆောင်ခွင့်ပြုမည်ဖြစ်သည်။ လွန်ခဲ့သည့် နှစ်လခန့်က ပဋိပက္ခများ စတင်ခဲ့ပြီးနောက် အီရန်နိုင်ငံပိုင် ကုန်သေတ္တာပေါင်း ၃,၀၀၀ ခန့်မှာ ပါကစ္စတန်ရှိ ကရာချိ (Karachi) နှင့် ဂွာဒါ (Gwadar) ဆိပ်ကမ်းများတွင် သောင်တင်နေ ခဲ့သည်။

လမ်းကြောင်း ၆ ခုသည် ပါကစ္စတန်၏ အဓိကဆိပ်ကမ်းများဖြစ်ကြသော Karachi ၊ Port Qasim နှင့် Gwadar တို့ကို အီရန်နှင့် နယ်စပ်ချင်း ထိစပ်နေသော ပါကစ္စတန်အနောက်တောင်ပိုင်း ဘာလိုချီစတန် ပြည်နယ် ရှိ Gabd နှင့် Taftan နယ်စပ်ဖြတ်ကျော်ဂိတ်များနှင့် ချိတ်ဆက်ပေးမည် ဖြစ်သည်။

အဆိုပါ အမိန့်ကြေညာချက်မှာ အစ္စလာမ္မာဘတ်နှင့် တီဟီရန်တို့အကြား ၂၀၀၈ ခုနှစ်ကချုပ်ဆိုခဲ့သော ကုန်းလမ်းမှတစ်ဆင့် ခရီးသည်နှင့်ကုန်စည်များ သယ်ယူပို့ဆောင်ခွင့် သဘောတူညီချက်အပေါ် အခြေခံခြင်း ဖြစ်သည်။ အီရန်သည် ယခင်က ကုန်သွယ်မှုအတွက် ၎င်း၏ ကိုယ်ပိုင်ဆိပ်ကမ်းများကိုသာ အားထားခဲ့သဖြင့် ယခုအချိန်အထိ ထိုလမ်းကြောင်းများကို အသုံးမပြုခဲ့ပေ။

ကိုးကား- CNN

Photo: Al Jazeera

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး