အမေရိကန်နှင့် ဆွေးနွေးမည်ဆိုခြင်းကို အီရန်ငြင်းဆို
အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်အာရက်ချီ၏ ပါကစ္စတန် ခရီးစဉ်အတွင်း အမေရိကန်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးရန် အစီအစဉ်မရှိကြောင်း အီရန်အစိုးရက ပြတ်သားစွာ ငြင်းဆိုလိုက်သည်။
သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ အထူးကိုယ်စားလှယ်များဖြစ်သော စတိဗ် ဝစ်ကော့ဖ်နှင့် ဂျာရက် ကုရှ်နာတို့ကို အစ္စလာမ္မာဘတ်သို့ စေလွှတ်၍ ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ကြိုးပမ်းနေသည်ဟူသော သတင်းများထွက်ပေါ်နေသော်လည်း အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မည်သည့်တွေ့ဆုံမှုမျှ ပြုလုပ်ရန်အစီအစဉ်မရှိကြောင်းနှင့် မိမိတို့၏ သဘောထားကို ပါကစ္စတန် မှတစ်ဆင့်သာ အသိပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
လက်ရှိတွင် အမေရိကန်အစိုးရက အီရန်နှင့် အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးထားသော်လည်း အီရန်ဆိပ်ကမ်းများကို ဆက်လက် ပိတ်ဆို့ထားဆဲဖြစ်ရာ ယင်းလုပ်ရပ်သည် သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း တီဟီရန်က ရှုမြင်နေသည်။
ထို့အပြင် သမ္မတထရမ့်က ဟော်မုဇ်ရေလက်ကြားအတွင်း မိုင်းထောင်သည် ဟု သံသယရှိသော အီရန်စက်လှေများကို ပစ်ခတ်ချေမှုန်းရန် အမေရိကန် ရေတပ်ကိုအမိန့်ပေးထားခြင်းက ဒေသတွင်းစစ်ရေးတင်းမာမှုကို ပိုမိုမြင့်တက်စေခဲ့ပြီး ကမ္ဘာ့ရေနံဈေးနှုန်းမှာလည်း တစ်စည်လျှင် ဒေါ်လာ ၁၀၀ ကျော်အထိ မြင့်တက်လာခဲ့သည်။
အီရန်တာဝန်ရှိသူများကမူ အမေရိကန်အနေဖြင့် ၎င်းတို့၏ အနိုင်ကျင့်သည့် ပေါ်လစီများကို မစွန့်လွှတ်သရွေ့ မည်သည့်ဆွေးနွေးပွဲမျှ အရာထင်မည် မဟုတ်ဘဲ စစ်ရေးအရ အောင်ပွဲမရနိုင်သည့်အတွက် ဆွေးနွေးပွဲစားပွဲကို "လက်နက်ချရာနေရာ" အဖြစ် အသုံးချရန် ကြိုးပမ်းနေခြင်းသာ ဖြစ်ကြောင်း ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။
ကိုးကား- RT
Photo: Reuters
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
