အမေရိကန်နှင့် တင်းမာမှု ပြေလည်စေရန် အီရန်က ကမ်းလှမ်းချက်အသစ် ပေး
အမေရိကန်နှင့် တင်းမာမှု ပြေလည်စေရန် အီရန်က ကမ်းလှမ်းချက်အသစ် ပေး
အမေရိကန်နှင့် အီရန်တို့ကြား တင်းမာမှု ပြေလျော့ရေးအတွက် ဟော်မုရေလက်ကြား ပြန်ဖွင့်ပေးရန်နှင့် စစ်ပွဲအဆုံးသတ်ရန် အီရန်က အမေရိကန်ထံသို့ ကမ်းလှမ်းချက်အသစ်တစ်ခု ပေးထားကြောင်း Axios သတင်းဌာနက ဧပြီလ ၂၇ ရက်တွင် ဖော်ပြထားသည်။
အဆိုပါကမ်းလှမ်းချက်တွင် အဓိကအကျပ်အတည်းဖြစ်သည့် နျူကလီးယားဆိုင်ရာ ဆွေးနွေးမှုများကို နောက်ဆုံးအဆင့်တွင်သာ ဆွေးနွေးရန်နှင့် လက်ရှိတင်းမာမှုများကို ဦးစွာဖြေရှင်းရန် အီရန်ဘက်မှ အဆိုပြုထားသည်။
ထိုကမ်းလှမ်းချက်ကို အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ် အာရတ်ချီက ပါကစ္စတန်၊ အီဂျစ်၊ တူကီယဲနှင့် ကာတာနိုင်ငံတို့ရှိ ကြားဝင်စေ့စပ်ပေးသူများမှတစ်ဆင့် အမေရိကန်အစိုးရထံသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။
အီရန်၏ အဆိုပြုချက်တွင် အဆင့် (၃) ဆင့် ပါဝင်ပြီး ပထမအဆင့်တွင် တိုက်ခိုက်မှုများ ရပ်စဲရေးနှင့် အီရန်နှင့် လက်ဘနွန်တို့အပေါ် နောက်ထပ်မတိုက်ခိုက်ရေး အာမခံချက် ရယူရန် ပါဝင်သည်။ ဒုတိယအဆင့်တွင် အိုမန်နိုင်ငံနှင့် ပူးပေါင်းကာ ဟော်မုရေလက်ကြား စီမံခန့်ခွဲမှုအတွက် ဥပဒေကြောင်းအရ စနစ်အသစ်တစ်ခု ဖော်ဆောင်ရန် ဖြစ်ပြီး တတိယအဆင့်တွင် နျူကလီးယားကိစ္စ ဆွေးနွေးရန် ပါဝင်သည်။
သို့သော် အမေရိကန်ဘက်ကမူ အီရန်၏ နျူကလီးယားအစီအစဉ်ကို ဖျက်သိမ်းပြီး သန့်စင်ပြီး ယူရေနီယံအားလုံးကို လွှဲပြောင်းပေးရန် တောင်းဆိုထားဆဲဖြစ်သည်။
Ref: RT
