ဘာရိန်းနှင့် ပင်လယ်ကွေ့နိုင်ငံများတွင် အီရန်ကိုထောက်ခံသူများကို အရေးယူမှုများ ပြုလုပ်

News Image

  • ဘာရိန်းနှင့် ပင်လယ်ကွေ့နိုင်ငံများတွင် အီရန်ကိုထောက်ခံသူများကို အရေးယူမှုများ ပြုလုပ်

ဘာရိန်းနိုင်ငံတွင် အီရန်အစိုးရအပေါ် စာနာမှုပြသခြင်း၊ အီရန်၏ လုပ်ရပ်များကို ချီးမွမ်းဂုဏ်ပြုခြင်းနှင့် ပြည်ပအဖွဲ့အစည်းများအတွက် သူလျှိုလုပ်ခြင်းတို့တွင် ပါဝင်ပတ်သက်သည်ဟု ယူဆရသူ ၆၉ ဦးကို နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းလိုက်ကြောင်း ဘာရိန်းအစိုးရသတင်းဌာန (BNA) က ထုတ်ပြန်ခဲ့သည်။ 

၎င်းတို့အနက် အီရန်ကို ထောက်ခံသူများနှင့် ၎င်းတို့၏ မိသားစုဝင်များပါဝင်ပြီး အားလုံးမှာ ဘာရိန်းနွယ်ဖွားများ မဟုတ်ကြကြောင်း သိရှိရသည်။ ဘာရိန်းဘုရင် Hamad bin Eissa Al Khalifa က နိုင်ငံတော်အပေါ် သစ္စာဖောက်သူများကို ချက်ချင်းအရေးယူရန်နှင့် နိုင်ငံသားအဖြစ်နှင့် ထိုက်တန်မှု ရှိ၊ မရှိကို ပြန်လည်စိစစ်ရန် ညွှန်ကြားခဲ့ပြီးနောက် ယခုကဲ့သို့ အရေးယူမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

လက်ရှိတွင် ဘာရိန်းအစိုးရသည် အီရန်ကိုထောက်ခံသည့် ဆန္ဒပြပွဲများကို ပိတ်ပင်ထားပြီး ပါဝင်သူ ဒါဇင်နှင့်ချီကိုလည်း ဖမ်းဆီးတရားစွဲဆိုထားသည်။ အလားတူပင် အီရန်နှင့် ပဋိပက္ခဖြစ်ပွားနေသည့် အခြား အာရပ် ပင်လယ်ကွေ့ နိုင်ငံများတွင်လည်း ဖမ်းဆီးမှုများ ရှိနေသည်။ 

ကူဝိတ်နိုင်ငံသည် အကြမ်းဖက်အဖွဲ့အစည်းများကို ငွေကြေးထောက်ပံ့မှုဖြင့် လူ ၂၄ ဦးကို ဖမ်းဆီးခဲ့ပြီး အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကလည်း လျှို့ဝှက်အဖွဲ့အစည်းထောင်မှုနှင့် ပြည်ပအဖွဲ့အစည်းများကို သစ္စာခံမှုတို့ဖြင့် လူ ၂၇ ဦးကို ဖမ်းဆီးခဲ့ရာ ဒေသတွင်း၌ အီရန်နှင့် ဆက်နွှယ်သည့် လှုပ်ရှားမှုများကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်နေကြောင်း တွေ့ရှိရသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး