သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်တွင် တည်ဆောက်နေသော ခန်းမကြီးသည် လုံခြုံရေးအတွက် မရှိမဖြစ်လိုအပ်ကြောင်း ပြောကြား
သမ္မတ ဒေါ်နယ်ထရမ့်သည် အိမ်ဖြူတော်တွင် ၎င်းတည်ဆောက်နေသည့် ကျယ်ဝန်းသော ကပွဲခန်းမ (Ballroom) နှင့်ပတ်သက်၍ နောက်တစ်ကြိမ် ထပ်မံတိုက်တွန်းပြောဆိုခဲ့သည်။ အိမ်ဖြူတော် သတင်းထောက်များ အသင်း၏ ညစာစားပွဲကျင်းပရာ Washington Hilton ဟိုတယ်၌ ဖြစ်ပွား ခဲ့သောပစ်ခတ်မှုသည် ၎င်းစီစဉ်ထားသည့် လုံခြုံရေးအစီအမံများ ပါဝင်သော အိမ်ဖြူတော်ခန်းမ၌သာဆိုလျှင် ဖြစ်ပွားလိမ့်မည်မဟုတ်ဟု ၎င်းက ဆိုသည်။
“မနေ့ညက ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ဟာ ကျွန်တော်တို့ရဲ့ ခမ်းနားတဲ့ စစ်တပ်၊ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ ၊ ဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ အတွင်းမှာရှိခဲ့တဲ့ သမ္မတတိုင်းက အိမ်ဖြူတော် ခြံဝန်းအတွင်းမှာ ကြီးမားပြီးစိတ်ချလုံခြုံတဲ့ ခန်းမတစ်ခုတည်ဆောက် ပေးဖို့ ဘာကြောင့် တောင်းဆိုနေကြတာလဲဆိုတဲ့ အကြောင်းရင်းပါပဲ” ဟု ထရမ့်က တနင်္ဂနွေနေ့ (ဧပြီ ၂၆) တွင် ၎င်း၏ Truth Social လူမှု ကွန်ရက်၌ ရေးသားခဲ့သည်။
၎င်းက ဆက်လက်၍ “အခု အိမ်ဖြူတော်မှာ တည်ဆောက်နေတဲ့ စစ်ဘက်ဆိုင်ရာ အဆင့်မြင့်လျှို့ဝှက်ချက်တွေပါဝင်တဲ့ ခန်းမသာရှိရင် ဒီဖြစ်ရပ်ဟာ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါဘူး ၊ အမြန်ဆုံး ပြီးစီးဖို့ပဲ လိုပါတယ် ၊ ဒီခန်းမဟာ လှပရုံတင်မကဘဲ အမြင့်ဆုံးအဆင့် လုံခြုံရေး စနစ်တွေလည်း ပါဝင်ပါတယ် ၊ အန္တရာယ်ပေးမယ့်သူတွေ ဝင်ရောက် မလာနိုင်သလို၊ ကမ္ဘာပေါ်မှာ အလုံခြုံဆုံးအဆောက်အအုံဖြစ်တဲ့ အိမ်ဖြူတော် ရဲ့ ခြံစည်းရိုးအတွင်းမှာ ရှိနေတာပါ” ဟု ရေးသားခဲ့သည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်လည်း ထရမ့်က ၎င်း၏ စီမံကိန်းကို ထပ်မံတွန်းအားပေးခဲ့ပြီး “ဒါကြောင့်ပဲ ကျွန်တော်တို့ အိမ်ဖြူတော်မှာ စီစဉ်ထားတဲ့ အင်္ဂါရပ်တွေအားလုံးလိုအပ်တာပါ ၊ ဒီခန်းမဟာ ပိုကျယ်သလို ပိုပြီးတော့လည်း လုံခြုံပါတယ် ၊ ဒရုန်းဒဏ်ခံနိုင်သလို ကျည်ကာမှန်တွေလည်း ပါပါတယ် ၊ ကျွန်တော်တို့ မှာ ဒီခန်းမရှိဖို့ လိုပါတယ် ၊ ဒါကြောင့်ပဲ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့နဲ့ စစ်တပ်က ဒါကို တောင်းဆိုနေကြတာပါ” ဟု ပြောကြားခဲ့သည်။
ယခင် အရှေ့ဘက်ဆောင် (East Wing) ၏ အပေါ်ထပ်တွင် တည်ဆောက် နေသည့် စတုရန်းပေ ၉၀,၀၀၀ ကျယ်ဝန်းသော ထိုခန်းမသည် နိုင်ငံတော် အဆင့် အခမ်းအနားကြီးများကို လက်ခံကျင်းပရန် လိုအပ်သည်ဟု ထရမ့် က ဆိုထားသည်။
ကိုးကား- CNN
Photo: The Washington Post
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
