တနင်္သာရီတိုင်းဒေသကြီး မြို့နယ်ပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ဗိုလ်လုပွဲအဖြစ် အမျိုးသားနှင့် အမျိုးသမီးပြိုင်ပွဲများတွင် ထားဝယ်မြို့နယ်အသင်းနှင့် မြိတ်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားသမားများနှင့် ပရိသတ်များက ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးများက ပွဲစဉ်တစ်လျှောက် ကူညီဆောင်ရွက်ပေးသည့် ကြက်ခြေနီတပ်ဖွဲ့ကို ဂုဏ်ပြုဆုချီးမြှင့်ခဲ့သည်။
ဆက်လက်၍ အမျိုးသားအားကစားသမားဆု၊ အမျိုးသမီးအားကစားသမားဆုများနှင့်အတူ ဒုတိယဆုရရှိသည့် မြိတ်မြို့နယ်အသင်း (အမျိုးသား/အမျိုးသမီး) နှင့် ပထမဆုရရှိသည့် ထားဝယ်မြို့နယ်အသင်းတို့ကို ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့ပြင် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌက အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ထားဝယ်မြို့နယ်အသင်းကို ဆုချီးမြှင့်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အမျိုးသား/အမျိုးသမီးပြိုင်ပွဲ ပထမဆုရရှိသည့် ထားဝယ်မြို့နယ်အသင်းကို တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
MWD
