အစ်ဝှစ်အသင်း ပရီးမီးယားလိဂ်သို့ တစ်ရာသီအကြာတွင် ပြန်လည်တန်းတက်နိုင်
အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲတွင် တစ်ရာသီသာ ကစားခဲ့ရပြီးနောက် အစ်ဝှစ်အသင်းသည် လာမည့်ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ ပြန်လည်တန်းတက်နိုင်ခဲ့ကြောင်း သိရသည်။
အစ်ဝှစ်အသင်းသည် ယခုရာသီ အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး နောက်ဆုံးပွဲစဉ်တွင် ကျူပီအာအသင်းကို ၃ ဂိုး–ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ထို့နောက် အမှတ်ပေးဇယား အဆင့် (၂) နေရာတွင် ရပ်တည်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်သို့ တိုက်ရိုက်တန်းတက်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။
အစ်ဝှစ်အသင်းသည် ၂၀၂၄–၂၀၂၅ ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်၌ ၃၈ ပွဲကစားရာတွင် ၄ ပွဲသာ အနိုင်ရရှိခဲ့ပြီး ၁၀ ပွဲသရေ၊ ၂၄ ပွဲရှုံးနိမ့်ကာ ရမှတ် ၂၂ မှတ်ဖြင့် အဆင့် (၁၉) နေရာတွင် ရပ်တည်ခဲ့သည်။ ထို့ကြောင့် တစ်ရာသီသာ ကစားပြီး ချန်ပီယံရှစ်သို့ ပြန်လည်တန်းဆင်းခဲ့ရခြင်းဖြစ်သည်။
ယခုရာသီ ချန်ပီယံရှစ်တွင် အစ်ဝှစ်အသင်းသည် ၄၆ ပွဲကစားရာ၌ ၂၃ ပွဲအနိုင်၊ ၁၅ ပွဲသရေ၊ ၈ ပွဲရှုံးဖြင့် ရမှတ် ၈၄ မှတ်ရရှိကာ အဆင့် (၂) နေရာဖြင့် ပရီးမီးယားလိဂ်သို့ ပြန်လည်တက်ရောက်နိုင်ခဲ့သည်။
ယခုရာသီတွင် ကိုဗင်ထရီအသင်းက ချန်ပီယံဆု ဆွတ်ခူးခဲ့ပြီး အစ်ဝှစ်အသင်းနှင့်အတူ တိုက်ရိုက်တန်းတက်ခဲ့သည်။ အဆင့် (၃) မှ (၆) အတွင်းရှိ မီဝေါလ်၊ ဆောက်သမ်တန်၊ မစ်ဒယ်ဘရော့နှင့် ဟူးလ်စီးတီးအသင်းများမှာ Play-off အဆင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အနိုင်ရအသင်းတစ်သင်းသာ ပရီးမီးယားလိဂ်သို့ တက်ရောက်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
Ref: Fotmob
MWD
