ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်(၂၀၂၆) အထိမ်းအမှတ် အခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

News Image

  • ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်(၂၀၂၆) အထိမ်းအမှတ် အခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

စစ်တွေ   မေ   ၃

     ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်(၂၀၂၆) အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်   ဦးနိုင်ဦး တက်ရောက်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနား၏ ဆောင်ပုဒ်မှာ For every generation, vaccines work ဖြစ်ပြီး မျိုးဆက်တိုင်းကို ကာကွယ်ထား၊ ကာကွယ်ဆေး၏ စွမ်းပကားဟု ဘာသာပြန်ဆိုထားကြောင်း၊   ယနေ့အထိမ်းအမှတ် အခမ်းအနားဆောင်ရွက်ရသည့် အဓိကရည်ရွယ်ချက်မှာ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းဖြင့် အသက်အရွယ်မရွေး၊ လူမျိုးဘာသာမရွေး ပြည်သူလူထုအားလုံးကို ကာကွယ်ဆေးဖြင့်ရောဂါဘယဘေးမှ တားဆီးပေးနိုင်သည်ဆိုသည့်အသိပညာကို မြှင့်တင်ပေးရန် ရည်ရွယ်ချက်ထားရှိခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းသည် ကူးစက်မြန် ရောဂါများမဖြစ်ပွားရန်၊ ၎င်းရောဂါများကြောင့် သေဆုံးရခြင်းများကို ကာကွယ်နိုင်ရန်နှင့် နောက်ဆက်တွဲဆိုးကျိုးများကို မဖြစ်ပွားစေရန်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် မျိုးဆက်တိုင်းကိုကာကွယ်ထား၊ ကာကွယ်ဆေး၏ စွမ်းပကား Documentary Story ကိုလည်းကောင်း၊ ၂၀၂၆  ခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ်အထိမ်း အမှတ် မျိုးဆက်တိုင်းကို ကာကွယ်ထား၊ ကာကွယ်ဆေး၏စွမ်းပကား တေးသီချင်း ဗီဒီယိုကိုလည်းကောင်း ပြသသည်။ 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အသက် ၁ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးနေမှုကို  လှည့်လည်ကြည့်ရှုအားပေးကြပြီး အမှတ်တရလက်ဆောင် ပစ္စည်းများနှင့် အာဟာရဖြည့်စွက်စာများကို ပေးအပ်သည်။

ဆက်လက်၍ လက်မချေ-သာယာကုန်း-ကိုးဆောင်ရွာသွားလမ်း အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန် သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်္ဂနက်ကျေးရွာသွားလမ်းကို အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန်နှင့် အဆိုပါလမ်းပေါ်ရှိ ကွန်ကရစ်ရေနုတ်မြောင်းများ  ပြန်လည်ပြုပြင်နိုင်ရန် သွားရောက်ကြည့်ရှု စစ်ဆေးကြပြီး  လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းပေးသည်။   

MWD