တောင်ကိုရီးယား၏ အသားစားသုံးမှုကြောင့် ကာဗွန်ထွက်ရှိမှုက လေယာဉ်ခရီးစဉ်ထက် ၁၀ ဆပိုများနေ

News Image

  • တောင်ကိုရီးယား၏ အသားစားသုံးမှုကြောင့် ကာဗွန်ထွက်ရှိမှုက လေယာဉ်ခရီးစဉ်ထက် ၁၀ ဆပိုများနေ

     တောင်ကိုရီးယားနိုင်ငံ၌ တစ်နှစ်အတွင်း နိုင်ငံသားတစ်ဦး၏ အသားစားသုံးမှုကြောင့် ထွက်ရှိလာသော ကာဗွန်ဓာတ်ငွေ့ပမာဏသည် ပြည်တွင်းလေယာဉ်ခရီးစဉ်ကြောင့်ထွက်သည့် ကာဗွန်ဓာတ်ငွေ့ပမာဏထက်၁၀ ဆပိုများကြောင်း သုတေသနတစ်ခုက ဧပြီလ ၂၉ ရက်တွင်ဖော်ပြထားသည်။

တောင်ကိုရီးယား၌ ၂၀၂၄ ခုနှစ်အတွင်း စားသုံးခဲ့သည့် အမဲသား၊ ဝက်သားနှင့် ကြက်သား တန်ချိန် ၃ ဒသမ ၀၈ သန်းမှ ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏ တန်ချိန် ၅၆ ဒသမ ၉၄ သန်းခန့် ထွက်ရှိခဲ့ကြောင်း Solutions for Our Climate အဖွဲ့က ခန့်မှန်းထားသည်။  ထိုပမာဏသည် တောင်ကိုရီးယားနိုင်ငံရှိ ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ တစ်နှစ်တာ ထုတ်လွှတ်သည့် ကာဗွန်ပမာဏ၏ ၃၄ ရာခိုင်နှုန်းနှင့် ညီမျှနေသည်။

လူတစ်ဦးချင်းစီအလိုက် တွက်ချက်ပါက အသားစားသုံးမှုကြောင့် တစ်နှစ်လျှင် ကာဗွန်ဒိုင်အောက်ဆိုက် ၁၁၁၅ ကီလိုဂရမ် ထွက်ရှိနေပြီး ယင်းပမာဏသည် ဆိုးမြို့နှင့် ဂျယ်ဂျူးကျွန်းအကြား လေယာဉ်ဖြင့်အသွားအပြန် ၁၀ ကြိမ်ခွဲ သို့မဟုတ် အသွားခရီးစဉ် ၂၁ ကြိမ် ပျံသန်းမှုမှထွက်ရှိသည့် ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏနှင့်ညီမျှနေသည်။

တောင်ကိုရီးယား၏ အသားစားသုံးမှုပုံစံသည် တရုတ်နှင့် ဂျပန်နိုင်ငံတို့ထက် ကာဗွန်ထုတ်လွှတ်မှု ပိုမိုများပြားနေကြောင်း သုတေသနက ဖော်ပြထားသည်ဟု သိရသည်။

MWD