ကိုရီးယားသမ္မတနိုင်ငံ၌ တရားဝင်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားတစ်ဦး လုပ်ငန်းခွင် ထိခိုက်မှုကြောင့် သေဆုံးခဲ့ခြင်းအပေါ် ဇနီးဖြစ်သူအား လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေး

News Image

  • ကိုရီးယားသမ္မတနိုင်ငံ၌ တရားဝင်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားတစ်ဦး လုပ်ငန်းခွင် ထိခိုက်မှုကြောင့် သေဆုံးခဲ့ခြင်းအပေါ် ဇနီးဖြစ်သူအား လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေး

ဆိုးလ် ဧပြီ ၂၉

 

ကိုရီးယားသမ္မတနိုင်ငံ ဂယောင်းဂီပြည်နယ် ဟွာဆောင်းမြို့ရှိ သံမဏိပုံသွင်း စက်ရုံတစ်ရုံ၌ တရားဝင် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသား မောင်စန်းယုသည် မတ် ၂၄ ရက်တွင် လုပ်ငန်းခွင် အတွင်း အလုပ်လုပ်ကိုင်နေစဉ် ထိခိုက်မှုဖြစ်ပွားခဲ့ပြီး ဆေးရုံတက်ရောက်ကုသစဉ် သေဆုံး သွားခဲ့သည်။

 

မြန်မာသံရုံး ဆိုးလ်မြို့က ကျန်ရစ်သူမိသားစု ကိုရီးယားနိုင်ငံသို့ လာရောက်ပြီး ဈာပနကျင်းပနိုင်ရေး အတွက် ဗီဇာရရှိရေး အချိန်မီကူညီဆောင်ရွက်ပေးကာ ရသင့်ရထိုက်သည့်အခွင့်အရေးများ အပြည့်အဝ ရရှိစေရန် အလုပ်သမားသံအရာရှိ၊ အလုပ်သမားဝန်ကြီးဌာနနှင့် တရားဝင်ပူးပေါင်းဆောင်ရွက်ရေး လက်မှတ် ရေးထိုးထားသော E9 Friends Law Firm ကုမ္ပဏီတို့နှင့်အတူ လုပ်ဆောင်ပေးခဲ့ကြောင်း၊ ဈာပနအခမ်းအနားကိုလည်း မြန်မာသံရုံး၊ စစ်သံရုံးတို့မှဝန်ထမ်းများက လိုက်ပါပို့ဆောင်ပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ကျန်ရစ်သူမိသားစု ကိုရီးယားနိုင်ငံ၌ နေထိုင်စဉ်ကာလအတွင်း သွားလာနေထိုင်ရေးကိစ္စများ အဆင်ပြေစေရေး၊ ယာယီဘဏ်အကောင့်ဖွင့်လှစ်နိုင်ရေး၊ လိုအပ်သည့် စာရွက်စာတမ်းကိစ္စရပ်များ ပံ့ပိုးကူညီခြင်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများထံမှ ရသင့်ရထိုက်သည်များရရှိရန် ညှိနှိုင်းခြင်းတို့ကို မြန်မာသံရုံး ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက လိုက်ပါဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထို့သို့ဆောင်ရွက်ပေးမှုများကြောင့် ကွယ်လွန်သူမောင်စန်းယု၏ဇနီးမှာ လုပ်သက်ဆုကြေးများ၊ လုပ်ခ လစာကျန်ငွေများ၊ အချိန်ပိုကြေးနှင့်ခွင့်ဆုကြေးများ၊ လုပ်ငန်းခွင်ထိခိုက်မှု အာမခံငွေများ၊ အသုဘ စရိတ်ထောက်ပံ့ငွေများ၊ အလုပ်ရှင်မှပေးအပ်သည့် နစ်နာကြေးများ စသည့်ခံစားပိုင်ခွင့် ရှိသည်တို့ကို ပြည့်ပြည့်ဝဝ တိုက်ရိုက်ရရှိခဲ့သည့်အပြင် ရှေ့နေခကိုလည်း အနည်းဆုံးနှုန်းထားဖြင့် ရရှိအောင် ညှိနှိုင်းပေးနိုင်ခဲ့ကြောင်း သိရသည်။

 

မြန်မာသံရုံး ဆိုးလ်မြို့က ကိုရီးယားသမ္မတနိုင်ငံ၌ ရောက်ရှိနေသည့် တရားဝင်လာရောက်လုပ်ကိုင် နေသူများအပါအဝင် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားများကို နှစ်နိုင်ငံတည်ဆဲဥပဒေများနှင့်အညီ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်

MDN