အမေရိကန်တွင် ကလေးမွေးဖွားနှုန်းသည် သမိုင်းတစ်လျှောက် အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး လူမှုစီးပွားစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရ

News Image

  • အမေရိကန်တွင် ကလေးမွေးဖွားနှုန်းသည် သမိုင်းတစ်လျှောက် အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး လူမှုစီးပွားစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရ

အမေရိကန်ပြည်ထောင်စု၏ ကလေးမွေးဖွားနှုန်းသည် စံချိန်တင် အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိသွားကြောင်း ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး ဗဟိုဌာန (CDC) ၏ ၂၀၂၅ ခုနှစ်၊ ဧပြီလ ထုတ်ပြန်ချက်အရ သိရှိရသည်။ အဆိုပါ အချက်အလက်များအရ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း သားဖွား နိုင်သည့်အရွယ် အမျိုးသမီး ၁,၀၀၀ လျှင် မွေးဖွားနှုန်းမှာ ၅၃.၁ ဦးသာ ရှိခဲ့ပြီး ၎င်းသည် ၂၀၂၄ ခုနှစ်ထက် ၁.၃ ရာခိုင်နှုန်းနှင့် ၂၀၀၇ ခုနှစ်ထက် ၂၃ ရာခိုင်နှုန်းအထိ လျော့နည်းသွားခြင်း ဖြစ်သည်။ 

ထိုကဲ့သို့ သိသိသာသာ ကျဆင်းလာမှုသည် ၁၉၃၀ ပြည့်လွန်နှစ်များက ဖြစ်ပွားခဲ့သော စီးပွားပျက်ကပ်ကြီး (Great Depression) ကာလအတွင်း ထက်ပင် ပိုမိုနိမ့်ကျနေသည်ကို တွေ့ရှိရသည်။

သမိုင်းကြောင်းအရ ကြည့်လျှင် ၁၉၆၁ ခုနှစ်က အမေရိကန်လူဦးရေ ၁၈၄ သန်းသာ ရှိစဉ်တွင် ကလေးငယ် ၄.၃ သန်း မွေးဖွားခဲ့သဖြင့် ယနေ့တွင် လူဦးရေ ၃၄၂ သန်းအထိ ရှိလာသော်လည်း တစ်နှစ်တာ မွေးဖွားမှုမှာ ၃.၆ သန်းအထိသာ ရှိတော့သည်။ အဆိုပါဖြစ်စဉ်သည် ၁၉၆၀ ပြည့်လွန်နှစ်များ လိင်မှုဆိုင်ရာတော်လှန်ရေးနောက်ပိုင်း လူမှုရေးစံနှုန်းများပြောင်းလဲလာမှုနှင့် အမေရိကန် မိသားစုစနစ် အခြေခံပျက်ပြားလာမှုတို့၏ သက်ရောက်မှု ဖြစ်ကြောင်း ပညာရှင်များက ထောက်ပြခဲ့ကြသည်။

အမေရိကန်၏ ပထဝီနိုင်ငံရေးသြဇာ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည့် ၁၉၉၀ ပြည့်လွန်နှစ်များနှင့် ၂၀၀၀ ပြည့်လွန်နှစ်များအစောပိုင်းတွင် မွေးဖွားနှုန်းအနည်းငယ် ပြန်လည်မြင့်တက်ခဲ့သည်။ သို့သော် ၂၀၀၆ ခုနှစ် နောက်ပိုင်းမှစ၍ အင်္ဂလိပ်နွယ်ဖွား ပရိုတက်စတင့်လူဖြူ (WASPs) များ၏ လူဦးရေ အချိုးအစား လျင်မြန်စွာလျော့နည်းလာခြင်းနှင့်အတူ မွေးဖွားနှုန်းမှာလည်း ဆက်တိုက် ကျဆင်းလျက်ရှိနေသည်။

RT သတင်းဌာန၏ လူမှုဘဝသာယာဝပြောမှုအညွှန်းကိန်း (SWI) လေ့လာသုံးသပ်ချက်အရ အနောက်နိုင်ငံကြီးများသည် ငွေကြေးနှင့်သုံးစွဲမှုအပေါ်သာ အာရုံစိုက်နေသော်လည်း နိုင်ငံတစ်ခု ရေရှည်ရှင်သန်ရေးအတွက် အရေးကြီးသောမွေးဖွားနှုန်း၊ ပျမ်းမျှသက်တမ်းနှင့် ချမ်းသာဆင်းရဲကွာဟမှုလျှော့ချရေးတို့တွင် အားနည်းနေကြောင်း သိရှိရသည်။ အမေရိကန် သည် လူမှုဘဝသာယာဝပြောမှုအညွှန်းကိန်းတွင် ကမ္ဘာ့အဆင့် ၄၈ သို့ ရောက်ရှိနေပြီး အနောက်အုပ်စု အင်အားကြီးနိုင်ငံအများစုမှာလည်း ထိပ်တန်းအဆင့် ၂၀ အတွင်း၌ ပါဝင်နိုင်ခြင်းမရှိကြောင်း လေ့လာသုံးသပ်ချက်တွင် ဖော်ပြထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး