ငပုတောမြို့နယ်မှ ဒေသတွင်းနှင့် ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဧပြီလက ဓနိချပ်အများအပြား တင်ပို့ရောင်းချနိုင်ခဲ့
ငပုတော မေ ၅
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်မှ ဒေသတွင်းနှင့် ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဧပြီလက ဓနိချပ်အများအပြား တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ငပုတောမြို့နယ်မှ ဓနိရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ဒေါ်နီနီဝင်း၏ပြောပြချက်အရ သိရသည်။
ငပုတောမြို့နယ်မှ ထွက်ရှိသော ဓနိများကို ဒေသဈေးကွက်အပြင် ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် မတ်လအတွင်းက ဓနိချပ် ၅၇၀၀၀၀ ခန့် အထိတင်ပို့ရောင်းချနိုင်ခဲ့ကာ ဧပြီလ ၁ ရက်မှ ၃၀ ရက်အထိ တစ်လတာကာလအတွင်း ဓနိချပ် ၇၅၀၀၀၀ ခန့် အထိတင်ပို့ရောင်းချနိုင်ခဲ့ သည်။
'' ရန်ကုန်ဈေးကွက်ထဲကို ပြီးခဲ့တဲ့ဧပြီလတစ်လ အတွင်း ဓနိချပ်အများအပြား တင်ပို့ရောင်းချခဲ့ရပါ တယ်။ ဓနိချပ်တွေက အရည်အသွေးကောင်းတဲ့အတွက် ဒေသတွင်းနဲ့ ရန်ကုန်ဈေးကွက်က ဝယ်လိုအားကောင်းခဲ့တာပါ'' ဟု ဒေါ်နီနီဝင်းကပြောသည်။
ငပုတောမြို့နယ်၌ ဒေသခံအများစုက ဓနိစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြကြောင်း၊ ထိုသို့ဓနိချပ်များ ဝယ်လိုအားကောင်းလာခြင်းကြောင့် ဓနိစိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သူများ၊ ဓနိထိုးလုပ်သားများနှင့် ဓနိပွဲရုံလုပ်ငန်းရှင်များ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
MWD
