အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များသည် ရေကြောင်းလုံခြုံရေးကို အန္တရာယ် ဖြစ်စေသည်ဟု အီရန် အဓိကညှိနှိုင်းရေးမှူး စွပ်စွဲ
တင်းမာမှုများမြင့်တက်နေသည့် ဟော်မုဇ်ရေလက်ကြားတွင် အမေရိကန် နှင့် ၎င်း၏ မဟာမိတ်များသည် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခြင်းနှင့် ပိတ်ဆို့မှုများ ပြုလုပ်ခြင်းတို့မှတစ်ဆင့် လုံခြုံစိတ်ချရသော သင်္ဘောသွားလာရေးနှင့် စွမ်းအင်သယ်ယူပို့ဆောင်ရေးတို့ကို အန္တရာယ်ဖြစ်စေခဲ့သည် ဟု အီရန်၏ သြဇာညောင်းသော လွှတ်တော်ဥက္ကဋ္ဌက ပြောကြားလိုက်သည်။
"သေချာတာကတော့ သူတို့ရဲ့ မကောင်းမှုတွေဟာ လျော့ပါးသွားမှာပါ" ဟု တီဟီရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများကို ဦးဆောင်နေပြီး အီရန် အစိုးရ၏ အဓိကပြောရေးဆိုခွင့်ရှိသူ Mohammad Bagher Ghalibaf က အင်္ဂါနေ့ (မေ ၅) တွင် X လူမှုကွန်ရက်၌ ပို့စ်တင်ခဲ့သည်။
"လက်ရှိ အခြေအနေကို ဆက်ထိန်းထားဖို့က အမေရိကန်အတွက် သည်းခံနိုင်စရာမရှိဘူးဆိုတာ ကျွန်တော်တို့ ကောင်းကောင်းသိပါတယ်၊ ကျွန်တော် တို့ဘက်က ဘာမှတောင်မစရသေးပါဘူး" ဟု ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
ဟော်မုဇ်ရေလက်ကြားတွင် နှစ်ဖက်စလုံးက ပစ်ခတ်မှုများရှိနေပြီး မရေရာသော အပစ်အခတ်ရပ်စဲရေးမှာ ပိုမိုတင်းမာလာချိန်တွင် ၎င်း၏ မှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ သမ္မတ ဒေါ်နယ်ထရမ့်ကမူ အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေးသည် ဆက်လက်တည်မြဲခြင်း ရှိ၊ မရှိကို ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း အကယ်၍ အီရန်တပ်ဖွဲ့များ အနေဖြင့် ရေလက်ကြား သို့မဟုတ် ပါရှန်ပင်လယ်ကွေ့ရှိ အမေရိကန် သင်္ဘော များကို ပစ်မှတ်ထားပါက "ကမ္ဘာ့မြေပြင်ပေါ်မှ ပျောက်ကွယ်သွားအောင် အမှုန့်ကြိတ်ပစ်မည်" ဟု သတိပေးထားသည်။
ကို့းကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
