African Lion စစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန်စစ်သည်များ ပျောက်ဆုံးနေ
မော်ရိုကိုနိုင်ငံ အနောက်တောင်ဘက်ရှိ မြို့တစ်မြို့အနီးတွင် ကျင်းပပြုလုပ်နေသည့် နှစ်ပတ်လည် African Lion နိုင်ငံစုံစစ်ရေးလေ့ကျင့်မှုတွင်ပါဝင်နေသော အမေရိကန်စစ်သည်နှစ်ဦး ပျောက်ဆုံးနေကြောင်း အမေရိကန် အာဖရိကစစ်ဌာနချုပ် (AFRICOM) နှင့် မော်ရိုကိုတော်ဝင် တပ်မတော် တို့က တနင်္ဂနွေနေ့ (မေ ၃) တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ စစ်သည်များကို စနေနေ့ (မေ ၂) ညနေပိုင်းက Tan Tan မြို့အနီး အတ္တလန္တိတ်သမုဒ္ဒရာနှင့် ထိစပ်နေသည့် Cap Draa လေ့ကျင့်ရေး နယ်မြေ အနီးတွင် နောက်ဆုံးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း AFRICOM က အစီရင်ခံထားသည်။ ထိုဒေသသည် ချောက်ကမ်းပါးများနှင့် သဲကန္တာရများရှိရာ ကြမ်းတမ်းသော နယ်မြေတစ်ခုဖြစ်သည်။
AFRICOM ၏ ထုတ်ပြန်ချက်တွင် "အမေရိကန်၊ မော်ရိုကိုနှင့် African Lion စစ်ရေးလေ့ကျင့်မှုမှ အခြားအင်အားစုများသည် မြေပြင်၊ ဝေဟင်နှင့် ရေကြောင်းရှာဖွေရေးအစီအစဉ်များအပါအဝင် ပူးပေါင်းရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်းစတင်ခဲ့ကြသည်။ ဖြစ်စဉ်ကိုဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ရှာဖွေမှုများလည်း လုပ်ဆောင်နေဆဲဖြစ်သည်" ဟု ဖော်ပြထားသည်။
မြောက်အာဖရိကရှိ စစ်ရေးသတင်းများကို စောင့်ကြည့်ဖော်ပြနေသည့် Defense Atlas ၏ အဆိုအရ ပျောက်ဆုံးသွားချိန်တွင် အဆိုပါ စစ်သည် များသည် ပုံမှန်စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်နေခြင်းမဟုတ်ဘဲ Tan Tan မြို့၏ မြောက်ဘက် ၂၅ ကီလိုမီတာအကွာရှိ Oued Draa မြစ်ဝတွင် ရေကူးနေစဉ် ပျောက်ဆုံးသွားခြင်း ဖြစ်နိုင်ခြေအများဆုံးဖြစ်ကြောင်း သိရှိရသည်။
"မော်ရိုကို တော်ဝင်တပ်မတော်သည် ရှာဖွေရေးအတွက် ရဟတ်ယာဉ်များ၊ ဒရုန်းများ၊ တော်ဝင်ရေတပ် လေယာဉ်များနှင့် အခြားနည်းလမ်းပေါင်းစုံ ကို အသုံးပြုနေသည်" ဟုလည်း ဆက်လက်ဖော်ပြထားသည်။ ပျောက်ဆုံးနေသော စစ်သည်များ၏ အချက်အလက်များကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
၂၀၀၄ ခုနှစ်တွင် စတင်ခဲ့သော African Lion စစ်ရေးလေ့ကျင့်မှုသည် အာဖရိကတိုက်အတွင်း အမေရိကန်ဦးဆောင်သည့် အကြီးမားဆုံး နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုများအနက် တစ်ခုဖြစ်သည်။ အဆိုပါ လေ့ကျင့်မှုသည် ပါဝင်သည့်နိုင်ငံများနှင့် NATO မဟာမိတ်တပ်ဖွဲ့များ အကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်စွမ်းနှင့် အသင့်ရှိမှုကိုမြှင့်တင်ရန် ရည်ရွယ်ကြောင်း ဝါရှင်တန်က ပြောကြားထားသည်။
၂၀၂၆ ခုနှစ် အတွက် စစ်ရေးလေ့ကျင့်မှုကို ဧပြီလ ၂၇ ရက်မှ မေလ ၈ ရက်နေ့အထိ မော်ရိုကို၊ တူနီးရှား၊ ဆီနီဂေါနှင့် ဂါနာ စသည့် လေးနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည်။ AFRICOM ၏ အဆိုအရ မော်ရိုကိုနိုင်ငံ တစ်ခုတည်းတွင်ပင် နိုင်ငံပေါင်း ၄၀ ကျော်မှ စစ်သည်အင်အား ၅,၀၀၀ ခန့်နှင့် အမေရိကန်အခြေစိုက် စက်မှုလုပ်ငန်းဖော်ဆောင်ဖက် ၃၀ ကျော် ပါဝင်နေကြောင်း သိရှိရသည်။
ယခုကဲ့သို့ အမေရိကန်စစ်သည်များ ပျောက်ဆုံးမှုသည် African Lion လေ့ကျင့်မှုအတွင်း ပထမဆုံးဖြစ်ပွားသည့် မတော်တဆမှု မဟုတ်ပေ။ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကလည်း မော်ရိုကိုတွင် ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုအတွင်း ရဟတ်ယာဉ်တစ်စင်းပျက်ကျခဲ့မှုကြောင့် အမေရိကန် မရိန်းတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ဖူးသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
