ဟော်မုဇ်ရေလက်ကြား လုံခြုံရေးအတွက် အမေရိကန်စစ်တပ် Project Freedom စစ်ဆင်ရေးစတင်
ဟော်မုဇ်ရေလက်ကြားတွင် ကုန်တင်သင်္ဘောများ ဘေးကင်းစွာ ဖြတ်သန်းနိုင်ရေးအတွက် အမေရိကန်စစ်တပ်က "Project Freedom" စစ်ဆင်ရေး ကို စတင်လိုက်ပြီး ယင်းသည် အီရန်၏ ခြိမ်းခြောက်မှုများကို တားဆီးရန် ရည်ရွယ်သည့် "ခုခံကာကွယ်ရေး စစ်ဆင်ရေး" တစ်ရပ်ဖြစ်ကြောင်း အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) အကြီးအကဲ ရေတပ် ဗိုလ်ချုပ်ကြီး ဘရက်ဒ်လေ ကူးပါး (Adm. Bradley Cooper) က ပြောကြားခဲ့သည်။
အဆိုပါ စစ်ဆင်ရေးတွင် သင်္ဘောများ၊ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် ဒရုန်းများကို အသုံးပြု၍ ရေလက်ကြားတစ်လျှောက် လုံခြုံရေး အကာအကွယ်ပေးထားပြီး အမေရိကန်အလံလွှင့်ထူထားသော သင်္ဘောအချို့ကိုလည်း စတင်လမ်းညွှန်ပေးလျက်ရှိသည်။
သို့သော် နိုင်ငံတကာလေ့လာဆန်းစစ်သူအချို့က အမေရိကန်အနေဖြင့် တစ်ရက်လျှင် သင်္ဘောအစင်းရေ ၁၂၀ ခန့် ပုံမှန်ဖြတ်သန်းသွားလာနိုင်ရန် လုံလောက်သော စစ်လက်နက်ပစ္စည်း အင်အားရှိမရှိအပေါ် သံသယရှိနေကြသည်။ အထူးသဖြင့် ကာကွယ်ရေးကျွမ်းကျင်သူ ဆက်သ် ဂျုန်းစ် က သင်္ဘောအမြောက်အမြားကို တစ်ပြိုင်နက် လိုက်ပါစောင့်ရှောက်ရန် ဖျက်သင်္ဘောနှင့် တိုက်လေယာဉ်အရင်းအမြစ်များ လုံလောက်မှုမရှိနိုင်ကြောင်းနှင့် သင်္ဘောများကို ပိုမိုကူညီလေလေ အမေရိကန်အတွက် စွန့်စားရမှုပိုများလေလေဖြစ်ကြောင်း သတိပေးထားသည်။
အခြားတစ်ဖက်တွင်မူ အငြိမ်းစား ရေတပ်အရာရှိ ကားလ် ရှုးစတားက အမေရိကန်သည် တစ်ဦးချင်းစောင့်ရှောက်သည့် စနစ်ထက် ဇုန်လိုက်ကာကွယ်သည့် (Zone Defense) ဗျူဟာကို ကျင့်သုံးနေသဖြင့် အင်အားအလုံးအရင်းမလိုအပ်ကြောင်း ယူဆထားသည်။ ၎င်းက အီရန်အနေဖြင့် အမေရိကန်၏အစောင့်အရှောက်ဖြင့် သွားနေသော သင်္ဘောများကို တိုက်ရိုက် တိုက်ခိုက်မည့်အစား ရေနံတင်ဆိပ်ကမ်းများနှင့် ရေနံအဆောက်အအုံများကို ပြောင်းလဲပစ်မှတ်ထားလာနိုင်ခြေရှိကြောင်း ခန့်မှန်းသုံးသပ်ထားသည်။
ကိုးကား- CNN
Photo: centcom
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
