တရုတ်နိုင်ငံက ရေတပ်လေကြောင်းရန်ကာကွယ်ရေးစနစ်အသစ်ကို ထုတ်ဖော်ပြသ

News Image

  • တရုတ်နိုင်ငံက ရေတပ်လေကြောင်းရန်ကာကွယ်ရေးစနစ်အသစ်ကို ထုတ်ဖော်ပြသ

ရုရှား-ယူကရိန်း စစ်ပွဲနှင့် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများတွင် ဒရုန်းများသည် ခေတ်သစ်စစ်သင်္ဘောများအတွက် ကြီးမားသော ခြိမ်းခြောက်မှုအဖြစ် ပေါ်ထွက်လာပြီးနောက် တရုတ်ရေတပ်က ဒရုန်းရန်ကို ကာကွယ်နိုင်မည့် လေကြောင်းရန်ကာကွယ်ရေးစနစ်အသစ်တစ်ခုကို ထုတ်ဖော်ပြသလိုက်ကြောင်း နိုင်ငံပိုင် CCTV သတင်းဌာနက ဖော်ပြထားသည်။

ထိုလက်နက်စနစ်သည် စစ်ဆင်ရေးလိုအပ်ချက်များအားလုံးနှင့် ကိုက်ညီကြောင်း အတည်ပြုသည့် နောက်ဆုံးအဆင့်စမ်းသပ်မှုကို ဘိုဟိုင်ပင်လယ်အတွင်း အောင်မြင်စွာ ဆောင်ရွက်နိုင်သဖြင့် ယင်းစနစ်ကို အမြောက်အမြား ထုတ်လုပ်ရန် အတည်ပြုချက် ရရှိသွားပြီဖြစ်သည်။

စမ်းသပ်မှုအတွင်း ထိုစနစ်က အလွန်နိမ့်သော အမြင့်ပေမှ ပျံသန်းလာသည့် ဒရုန်းများနှင့် ရေဒါတွင် ထောက်လှမ်းရန် ခဲယဉ်းသော ကိုယ်ပျောက်ဒရုန်းများ၏ တိုက်ခိုက်မှုများကို ကြားဖြတ်ဟန့်တားနိုင်ကြောင်း တွေ့ရသည်။ ထိုစမ်းသပ်မှုများကို ရှုပ်ထွေးသော လျှပ်စစ်သံလိုက်ပတ်ဝန်းကျင်နှင့် လက်တွေ့စစ်မြေပြင်ပုံစံတူ အခြေအနေများတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကုန်းမြေမှ လွှတ်တင်လိုက်သော ဒရုန်းများက ရေပြင်အထက်ကပ်၍ ပျံသန်းလာစဉ် ဖျက်ဆီးခံလိုက်ရသည့် ရုပ်သံဖိုင်များမှာ သတင်းထုတ်ပြန်ချက်တွင် ပါဝင်သော်လည်း အသုံးပြုခဲ့သည့် လက်နက်အမည်နှင့် စမ်းသပ်သည့်ရက်စွဲကိုမူ ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။

Ref: SCMP

MWD