အမေရိကန်၏ ခြိမ်းခြောက်မှုရပ်တန့်လျှင် ဟော်မုရေလက်ကြား၌ ဘေးကင်းစွာဖြတ်သန်းနိုင်မည်ဟု အီရန်ဆို
အမေရိကန်အစိုးရ၏ ခြိမ်းခြောက်မှုများ အဆုံးသတ်ပြီး လုပ်ထုံးလုပ်နည်းအသစ်များ ကျင့်သုံးနိုင်ပါက ကုန်တင်သင်္ဘောများသည် ဟော်မုရေလက်ကြားကို ဘေးအန္တရာယ်ကင်းစွာ ဖြတ်သန်းနိုင်မည်ဟု အီရန်နိုင်ငံမှ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ရေတပ်က မေလ ၆ ရက်တွင် ပြောသည်။
ရေလက်ကြားတွင် ပိတ်မိနေသော သင်္ဘောများ ဖြတ်သန်းသွားလာနိုင်ရေးအတွက် အမေရိကန်က လုပ်ငန်းစဉ်များ ခေတ္တရပ်နားလိုက်ခြင်းအပေါ် အီရန်ဘက်မှ ပထမဆုံးအကြိမ် တုံ့ပြန်ပြောဆိုခြင်းဖြစ်ပြီး လုပ်ထုံးလုပ်နည်းအသစ်များနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
အီရန်၏ ထုတ်ပြန်ချက်အပြီးတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အကယ်၍ အီရန်အနေဖြင့် သဘောတူညီချက်များကို လိုက်နာပါက Epic Fury စစ်ဆင်ရေးကို အဆုံးသတ်မည်ဖြစ်ပြီး ဟော်မုရေလက်ကြားကို အီရန်အပါအဝင် အားလုံးအတွက် ပြန်လည်ဖွင့်လှစ်ပေးမည်ဟု ဆိုထားသော်လည်း အီရန်ဘက်မှ သဘောမတူပါက ဗုံးကြဲမှုများကို ယခင်ထက်ပိုမိုပြင်းထန်စွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထပ်မံခြိမ်းခြောက်ထားသည်။
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ကမူ ရေလမ်းကြောင်း၌ သွားလာရာတွင် အီရန်၏ စည်းမျဉ်းများကို လိုက်နာနေသည့် သင်္ဘောပိုင်ရှင်များနှင့် ကပ္ပတိန်များကို ကျေးဇူးတင်ကြောင်း ထည့်သွင်းဖော်ပြထားသည်။
Ref: AGC
MWD

,
,