အီရန်အနေဖြင့် ဟော်မုရေလက်ကြားကို ပြန်ဖွင့်ပေးရမည်ဟု ရှီကျင့်ဖျင်က သဘောတူကြောင်း ထရမ့်ပြော
အီရန်နိုင်ငံအနေဖြင့် ဟော်မုရေလက်ကြားကို မဖြစ်မနေပြန်ဖွင့်လှစ်ပေးရမည် ဆိုသည့်အချက်နှင့် ပတ်သက်၍ တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖျင်က သဘောတူကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။
တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ဆွေးနွေးမှုများပြုလုပ်ပြီးနောက် ပြန်လာသည့်ခရီးစဉ်တွင် သမ္မတထရမ့်က အီရန်မှရေနံဝယ်ယူနေသည့် တရုတ်ရေနံကုမ္ပဏီများအပေါ်ချမှတ်ထားသော အမေရိကန်၏ ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးရန် စဉ်းစားနေကြောင်းပြောသည်။ သို့သော် တရုတ်နိုင်ငံအနေဖြင့် အီရန်စစ်ပွဲဖြစ်ပွားမှုအပေါ် စိတ်ပျက်မိကြောင်း၊ ထိုစစ်ပွဲသည် မည်သည့်အခါမျှ မဖြစ်သင့်သည့် ပဋိပက္ခဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်ခုတွင်ဖော်ပြထားသည်။
အမေရိကန်နိုင်ငံက ပြီးခဲ့သည့်လတွင် တိုက်ခိုက်မှုများ ရပ်တန့်သော်လည်း အီရန်၏ ဆိပ်ကမ်းများကို စတင်ပိတ်ဆို့ရာ အမေရိကန်ဘက်က ပိတ်ဆို့မှုမရုပ်သိမ်းသမျှ ရေလက်ကြားကို ပြန်ဖွင့်ပေးမည်မဟုတ်ကြောင်း အီရန်ကပြောသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်အာရတ်ချီကလည်း တရုတ်နိုင်ငံ၏ ပါဝင်ကူညီမှုကို ကြိုဆိုကြောင်း၊ အမေရိကန်နှင့် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရန် အသင့်ရှိကြောင်းပြောသည်။ စစ်ပွဲအဆုံးသတ်ရန် ဆွေးနွေးမှုများသည် ပြီးခဲ့သည့် သီတင်းပတ်ကတည်းက ရပ်တန့်နေခဲ့ပြီး ပဋိပက္ခဖြေရှင်းနိုင်ရေးတွင် တိုးတက်မှု မရှိခြင်းကြောင့် ရေနံစျေးနှုန်းများ ပြန်လည်မြင့်တက်လာကြောင်း သိရသည်။
MWD
