တင်းမာမှုများ မြင့်တက်နေသည့် အရှေ့အလယ်ပိုင်းတွင် UAE နျူကလီးယား စက်ရုံ ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်လုနီးပါးဖြစ်နေ
တနင်္ဂနွေနေ့ (မေ ၁၇) က UAE ၏ တစ်ခုတည်းသော ဘာရာကာ (Barakah) နျူကလီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို ပစ်မှတ်ထား၍ ဒရုန်းဖြင့်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ စက်ရုံဝန်းအတွင်းရှိ Generator တစ်ခုတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု သို့မဟုတ် ရေဒီယိုသတ္တိကြွယိုစိမ့်မှုများ မရှိကြောင်းနှင့် နျူကလီးယားဓာတ်ပေါင်းဖိုများ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ပုံမှန်အတိုင်းလည်ပတ်နေကြောင်း UAE နျူကလီးယား စွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းက ထုတ်ပြန်ထားသည်။
သို့သော်လည်း ကုလသမဂ္ဂ၏ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ (IAEA) ကမူ ဓာတ်ပေါင်းဖိုတစ်ခုကို အရေးပေါ်ဒီဇယ်အင်ဂျင်များဖြင့် လည်ပတ် နေရကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ညွှန်ကြားရေးမှူးချုပ် ရာဖေးလ် ဂရော့ဆီက ယခုကဲ့သို့ နျူကလီယားဘေးအန္တရာယ်ကို ခြိမ်းခြောက်သည့် စစ်ရေးလှုပ်ရှားမှုအပေါ် အလွန်အမင်း စိုးရိမ်ပူပန်မိကြောင်း ပြောကြားခဲ့သည်။
အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ တန်ဖိုးရှိ ဘာရာကာ နျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံကို တောင်ကိုရီးယားနိုင်ငံ၏ အကူအညီဖြင့် UAE က တည်ဆောက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် စတင်လည်ပတ်ခဲ့သည်။ အဆိုပါ ဘာရာကာစက်ရုံသည် UAE နိုင်ငံတစ်ခုလုံး စွမ်းအင်လိုအပ်ချက်၏ လေးပုံတစ်ပုံကို ပံ့ပိုးပေးနေသည့် အာရပ်ကမ္ဘာ၏ ပထမဆုံးနှင့် တစ်ခုတည်းသော နျူကလီးယားစက်ရုံ ဖြစ်သည်။ UAE သည် အမေရိကန်နှင့် တင်းကျပ်သော သဘောတူညီချက်အရ နျူကလီးယား လက်နက်ပြန့်ပွားမှုကို တားဆီးရန်အတွက် ပြည်တွင်း၌ ယူရေနီယံသန့်စင်ခြင်း လုံးဝမပြု လုပ်ဘဲ ပြည်ပမှသာတင်သွင်းနေခြင်းဖြစ်ရာ ၎င်း၏ နျူကလီယား အစီအစဉ်သည် လက်နက်အဆင့်အထိ ယူရေနီယံသန့်စင်နေသည်ဟု စွပ်စွဲခံထားရသော အီရန်၏နျူကလီးယားအစီအစဉ်နှင့် အလွန် ကွာခြားသည်။
ယခုတိုက်ခိုက်မှုကို မည်သည့်အဖွဲ့ကမျှ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခြင်းမရှိသေးသော်လည်း UAE ဘက်ကမူ မကြာ သေးမီ ရက်ပိုင်းအတွင်း အရေးပါသော ဟော်မုဇ်ရေလက်ကြားတွင် တင်းမာမှုများမြင့်တက်လာပြီးနောက် အီရန်က ဒရုန်းနှင့် ဒုံးကျည်များဖြင့် အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲထားသည်။
လက်ရှိတွင် အမေရိကန်နှင့် အီရန်တို့အကြား ဆွေးနွေးမှုများ ရှေ့မတိုးသာဘဲရပ်တန့်နေပြီး အပစ်အခတ်ရပ်စဲရေးမှာ ပျက်ပြယ်လုနီးပါးဖြစ်နေသည်။ အမေရိကန်သည် အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့ထားဆဲဖြစ်ပြီး တစ်ဖက်တွင်လည်း UAE သည် စစ်ပွဲစတင်ရာတွင် ပါဝင်ခဲ့သည့် အစ္စရေးနိုင်ငံမှ လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့် စစ်ဘက်ဆိုင်ရာဝန်ထမ်းများကို လက်ခံ၍ အခြေစိုက်ခွင့်ပေးထားသည်။
လက်ဘနွန်နိုင်ငံတွင်လည်း အစ္စရေးနှင့် အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာအဖွဲ့ကြား တိုက်ပွဲများပြင်းထန်နေသဖြင့် ဒေသတွင်း သဘောတူညီချက်များအပေါ် ပိုမိုဖိအားဝင်နေသည်။ အခြေအနေကို သိရှိသူများ၏ အဆိုအရ အစ္စရေးသည် တိုက်ခိုက်မှုများပြန်လည်စတင်ရန် အမေရိကန်နှင့်လျှို့ဝှက်ညှိနှိုင်းနေပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ကလည်း အီရန်ကို မျက်ခြေမပြတ်စောင့်ကြည့်နေကာ မည်သည့် အခြေအနေ မျိုးအတွက်မဆို အသင့်ပြင်ဆင်ထားကြောင်း အစိုးရအဖွဲ့ကို ပြောကြားခဲ့သည်။
အခြားတစ်ဖက်တွင်မူ အီရန်နိုင်ငံ၌ စစ်ပွဲအတွက်ပြင်ဆင်သည့်အနေဖြင့် နိုင်ငံပိုင်ရုပ်သံလိုင်းများမှ သတင်းတင်ဆက်သူများသည် တိုက်ရိုက် ထုတ်လွှင့်မှုများအတွင်း ရိုင်ဖယ်သေနတ်များကို ပြည်သူ့ရှေ့မှောက် ကိုင်ဆောင်ပြသလျက်ရှိသည်။ သတင်းတင်ဆက်သူ Hossein Hosseini သည် ရုပ်သံအစီအစဉ်တွင် UAE အလံကို ပစ်ခတ်သည့်ပုံစံ သရုပ်ပြခဲ့သကဲ့သို့ အမျိုးသမီးသတင်းတင်ဆက်သူ Mobina Nasiri ကလည်း နိုင်ငံအတွက် အသက်ပေးရန်အသင့်ရှိကြောင်း ကင်မရာရှေ့တွင် လက်နက်ကိုင်ဆောင်လျက် ကြေညာခဲ့သည်။ ယခုကဲ့သို့ ဒရုန်းတိုက်ခိုက်မှုနှင့် စစ်ရေးတင်းမာမှုများကြောင့် အရှေ့အလယ်ပိုင်းဒေသသည် စစ်ပွဲအသွင်သို့ ပြန်လည်ဦးတည်သွားနိုင်ပြီး ပဋိပက္ခကြောင့်ဖြစ်ပွားနေသည့် ကမ္ဘာ့ စွမ်းအင်အကျပ်အတည်းကို ပိုမိုကြာရှည်စေနိုင်ကြောင်း ကမ္ဘာ့နိုင်ငံအများအပြားက စိုးရိမ်ပူပန်လျက်ရှိကြသည်။
ကိုးကား- AP
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
