အီရန်အနေဖြင့် အလျှော့ပေးခြင်း မရှိပါက တိုက်ခိုက်မှုအသစ် ပြုလုပ်မည်ဟု ထရမ့်ခြိမ်းခြောက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအနေဖြင့် အလျှော့ပေးခြင်းမရှိပါက တိုက်ခိုက်မှုအသစ် ပြုလုပ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ထားပြီး အီရန်နိုင်ငံအတွက် အချိန်ကုန်နေပြီဖြစ်ကြောင်း ပြောထားသည်ဟု သိရသည်။
ထရမ့်သည် ယခုသီတင်းပတ်အကုန်တွင် အမျိုးသားလုံခြုံရေးအဖွဲ့နှင့် တွေ့ဆုံပြီးနောက် ပင်တဂွန်စစ်ဌာနချုပ်က အီရန်၏ စွမ်းအင်နှင့် အခြေခံအဆောက်အဦနေရာများအပါအဝင် ပစ်မှတ်စာရင်းကို ပြင်ဆင်ထားကြောင်း သိရသည်။
အမေရိကန်နှင့် အီရန်တို့ကြား ဧပြီလအစောပိုင်းတွင် အပစ်အခတ်ရပ်စဲရေး ရရှိခဲ့သော်လည်း နှစ်နိုင်ငံကြား ပါကစ္စတန်ကြားခံထားသည့် ဆွေးနွေးမှုများ ရပ်တန့်နေဆဲဖြစ်သည်။ အီရန်နိုင်ငံခြားရေးဝန်ကြီးကမူ ထရမ့်အစိုးရ၏ အမြင့်ဆုံးတောင်းဆိုမှုနှင့် ရန်စသော စကားလုံးများသည် သဘောတူညီချက်ရရှိရန် အဓိကအတားအဆီးဖြစ်သည်ဟု ပြောထားသည်။
ယခုပဋိပက္ခကို အဆုံးသတ်စေနိုင်ရန်အီရန်က ပြင်ဆင်ထားသည့် အဆိုပြုချက်အသစ်ကို ပါကစ္စတန်နိုင်ငံမှတစ်ဆင့် အမေရိကန်ပြည်ထောင်စုထံသို့ ပေးပို့ထားကြောင်း ပါကစ္စတန် သတင်းအရင်းအမြစ်တစ်ခုက မေလ ၁၈ ရက်တွင် ပြောသည်။
ထို့ပြင် နှစ်နိုင်ငံကြား သဘောထား ကွဲလွဲမှုများကို လျှော့ချရန် အချိန်သိပ်မကျန်တော့ကြောင်းလည်း သတိပေးထားသည်။ အီရန်၏ အဆိုပြုချက်အသစ်ကို အမေရိကန်သို့ ပေးပို့ထားသော်လည်း ထိုအဆိုပြုချက်တွင်မည်သည့်အချက်များ ပါဝင်သည်ကို မသိရသေးကြောင်း သိရသည်။
MWD
