ပူတင်၏ တရုတ်နိုင်ငံ တရားဝင်ခရီးစဉ်နှင့် ပတ်သက်၍ ကရင်မလင်က အသေးစိတ်ထုတ်ပြန်

News Image

  • ပူတင်၏ တရုတ်နိုင်ငံ တရားဝင်ခရီးစဉ်နှင့် ပတ်သက်၍ ကရင်မလင်က အသေးစိတ်ထုတ်ပြန်

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးရန်အတွက် ယခုသီတင်းပတ်အတွင်း ပေကျင်းမြို့သို့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ သွားရောက်မည်ဖြစ်ကြောင်း၊ ၎င်းတို့၏ဆွေးနွေးပွဲတွင် နှစ်နိုင်ငံဆက်ဆံရေး၊ ကုန်သွယ်ရေး၊ စွမ်းအင်ပူးပေါင်း ဆောင်ရွက်မှု နှင့်ကမ္ဘာ့ရေးရာကိစ္စရပ်များကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကရင်မလင်အကြံပေးပုဂ္ဂိုလ် ယူရီ အူရှာကော့ဗ် (Yury Ushakov) က ပြောကြားခဲ့သည်။

မေလ ၁၉ ရက်မှ ၂၀ ရက်အထိ သွားရောက်မည့် အဆိုပါခရီးစဉ်သည် ရုရှား-တရုတ် အိမ်နီးချင်းကောင်းပီသမှု၊ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးစာချုပ် (Russia-China Treaty of Good-Neighborliness, Friendship and Cooperation) ၏ ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့နှင့်လည်း တိုက်ဆိုင်နေသည်။ ယင်းစာချုပ်သည် နှစ်နိုင်ငံဆက်ဆံရေး အမြင့်ဆုံးအဆင့်သို့ ထူးကဲစွာရောက်ရှိနေခြင်းကို ထင်ဟပ်စေကြောင်း အူရှာကော့ဗ်က ဆိုသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွင် ဝန်ကြီးများ၊ ကရင်မလင် အဆင့်မြင့်အရာရှိကြီးများနှင့် ရုရှားနိုင်ငံပိုင် ကော်ပိုရေးရှင်းကြီးများနှင့် ဘဏ်ကြီးများ ၏ အကြီးအကဲများ ပါဝင်မည်ဖြစ်ပြီး ၎င်းတို့ထဲတွင် ဗဟိုဘဏ်ဥက္ကဋ္ဌ အယ်လ်ဗီရာ နာဘီအူလီနာ (Elvira Nabiullina) လည်း ပါဝင်ကြောင်း အူရှာကော့ဗ်က တနင်္လာနေ့ (မေ ၁၈) တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

အူရှာကော့ဗ်၏ အဆိုအရ ပူတင်နှင့် ရှီကျင့်ဖျင်တို့သည် နှစ်နိုင်ငံဆက်ဆံရေးရှိ အရေးအကြီးဆုံးနှင့် ထိလွယ်ရှလွယ်သောကိစ္စရပ်များအပြင် အဓိကကျသည့် နိုင်ငံတကာ ဖြစ်ပေါ်တိုးတက်မှုများကိုပါ အဓိကထား၍ နှစ်ဦးချင်း သီးသန့်ဆွေးနွေးပွဲအပြင် ကိုယ်စားလှယ်အဖွဲ့များ ပါဝင်သော တိုးချဲ့ဆွေးနွေးပွဲများကိုပါ ပြုလုပ်သွားမည်ဖြစ်သည်။ နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုနက်ရှိုင်း စေရေးဆိုင်ရာ ပူးတွဲကြေညာချက်အပါအဝင် နှစ်နိုင်ငံ သဘောတူညီချက် ပေါင်း ၄၀ ခန့်ကို လက်မှတ်ရေးထိုးရန် မျှော်မှန်းထားသည်။

ထို့ပြင် ခေါင်းဆောင်နှစ်ဦးသည် ဝင်ရိုးစုံ ကမ္ဘာ (Multipolar world) နှင့် နိုင်ငံတကာဆက်ဆံရေး ပုံစံအသစ်ကို မြှင့်တင်ရန်အတွက် သီးခြား ကြေညာချက်တစ်စောင်ကိုလည်း အတည်ပြုထုတ်ပြန်သွားရန် ရှိနေကြောင်း ယူရီ အူရှာကော့ဗ်က ပြောကြားခဲ့သည်။

ရုရှားနှင့် တရုတ်နိုင်ငံတို့သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ရန်သူအဖြစ် သတ်မှတ်ပြီး မိတ်ဆွေဖွဲ့နေခြင်းမဟုတ်ဘဲ ငြိမ်းချမ်းရေးနှင့် ကမ္ဘာလုံး ဆိုင်ရာ ကြွယ်ဝချမ်းသာရေးအတွက်သာ လက်တွဲလုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ပူတင်၏ ယခုခရီးစဉ် အချိန်အခါသည် အမေရိကန်-တရုတ်အကြား ဆက်သွယ်မှုများနှင့် ဆက်စပ်နေသည်ဟူသော ထင်ကြေးပေးချက်များကိုလည်း ကရင်မလင်အကြံပေးကပယ်ချခဲ့ပြီး ‘လုံးဝပတ်သက်မှု မရှိကြောင်း’ နှင့် ဖေဖော်ဝါရီလအတွင်း ပူတင်နှင့် ရှီကျင့်ဖျင်တို့ ဗီဒီယိုခရီးစဉ်ဖြင့် ဆွေးနွေးမှုပြုလုပ်ပြီးမကြာမီမှာပင် ယခုခရီးစဉ်အတွက် ပြင်ဆင်မှုများကို စတင်ခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့်သီတင်းပတ်က တရုတ် နိုင်ငံသို့ နှစ်ရက်ကြာ ခရီးစဉ်တစ်ခုသွားရောက်ခဲ့ပြီး ထိုခရီးစဉ်အတွင်း ရှီကျင့်ဖျင်နှင့်အတူ အီရန်အရေး၊ ထိုင်ဝမ်အရေး၊ ကုန်သွယ်ရေး ဆက်ဆံရေးနှင့် အခြားသောကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ နှစ်ဖက်စလုံးက ၎င်းတို့၏ ဆွေးနွေးပွဲများကို အပြုသဘောဆောင်ကြောင်း ဖော်ပြခဲ့ကြသော်လည်း ယင်းခရီးစဉ်အတွင်း ပေကျင်းနှင့် ဝါရှင်တန်အကြား အဓိက သဘောထားကွဲလွဲမှုများအပေါ် သိသာထင်ရှားသည့် တိုးတက်မှု (သို့မဟုတ်) အဖြေတစ်ခုမျှ ထွက်ပေါ်မလာခဲ့ပေ။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး