နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မြို့ပြအင်္ဂါရပ်နှင့် အညီ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက် သွားနိုင်မည့် အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော် မေ ၂၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဒုတိယသမ္မတ ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးဆန်းဦး၊ ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မြို့ပြအင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်နေမှု အခြေအနေ များနှင့် ဆက်လက်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်သမ္မတသည် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မြန်မာ့ ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) သို့ ရောက်ရှိပြီး ထိခိုက်ပျက်စီးခဲ့မှုများအား မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ အကြံပြုချက်၊ သတ်မှတ်ချက်များနှင့်အညီ ငလျင်ဘေးဒဏ်ခံနိုင်မှုရှိစေရေး အဆင့်အလိုက်၊ အပိုင်းအလိုက် ပြန်လည်ပြင်ဆင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထား ရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြ ချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် မြန်မာ့ကျောက်မျက် ရတနာပြတိုက် (နေပြည်တော်) မျက်နှာစာ သန့်ရှင်းသာယာလှပ ရေးနှင့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ စနစ်တကျဖြစ်စေရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ မဏိရတနာ ကျောက်စိမ်းခန်းမနှင့် ကျောက်စိမ်းဥယျာဉ် (နေပြည်တော်) တို့ သို့ ရောက်ရှိပြီး ထိန်းသိမ်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ မဏိရတနာကျောက်စိမ်း ခန်းမကြီး အတွင်းအပြင်အား လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်သွားရန်လိုကြောင်းနှင့် ကျောက်စိမ်းဥယျာဉ်အား အဆင့်အတန်းမီပြီး သန့်ရှင်းသပ်ရပ်သည့် ဥယျာဉ်အဖြစ် ပြန်လည် အဆင့်မြှင့်တင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း မှာကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် ရာဇသင်္ဂဟလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် သပြေကုန်းအဝိုင်းအနီးဝန်းကျင်၌ မြို့ပြအင်္ဂါရပ်နှင့် လျော်ညီစွာ ဆောင်ရွက်သွားနိုင်ရေးအတွက် လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် နေပြည်တော်မြို့ အဝင်မုခ်ဦး (Naypyitaw Gate) နှင့် ပန်းခြံတည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိကြရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ နှင့် ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
စနစ်တကျတွက်ချက် ဆောင်ရွက်
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက နေပြည်တော်မြို့အဝင်မုခ်ဦးအား မြန်မာ့ယဉ်ကျေးမှု ပုံစံဖြင့် အဆင့်မီမီဖြစ်စေရေး စနစ်တကျတွက်ချက် ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းဆောင်ရွက်မှုများ အား စနစ်တကျဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရှောင်ကွင်းလမ်းသစ် နေရာများ၌လည်း ရေစီးရေလာ ကောင်းမွန်စေရေးနှင့် စနစ်တကျဖြစ်စေရေး ဆောင်ရွက်သွား ရန်လိုကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်း စိုပြည်ရေးအတွက် စည်ပင်သာယာရေး ကော်မတီအဖွဲ့များက အလေးထားဆောင်ရွက်သွားရန် လိုကြောင်း၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များအနေဖြင့် မြို့ပြဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက် သွားကြရန်လိုကြောင်း မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် နေပြည်တော်ရင်ပြင်သို့ရောက်ရှိကြပြီး ရင်ပြင်ပတ်လည် နေရာများ၌ မြန်မာ့သမိုင်းဝင် အထင်ကရပုဂ္ဂိုလ်များ၏ ရုပ်တုများ ထည့်သွင်းတည်ဆောက်သွားရန်၊ စကျင်ကျောက်များဖြင့် ရုပ်လုံးရုပ်ကြွများ ထည့်သွင်းတည်ဆောက်သွားရန်၊ ရင်ပြင်ပတ်လည်တွင် မြို့ပြအင်္ဂါရပ်နှင့် လျော်ညီသည့် အဆောက်အအုံများ ထည့်သွင်းတည်ဆောက်သွားကြရန် တာဝန်ရှိသူများကို မှာကြားသည်။
ယင်းနောက် ပြည်ထောင်စု ဂုဏ်ပြုဗိမာန် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ ရှင်းလင်း ဆောင်ခန်းမ၌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆောင်ရွက် နေမှု အခြေအနေများ၊ ဂုဏ်ပြု ဗိမာန်အဆိုပြု 3D ပုံစံများ၊ ဗိမာန်ပတ်ဝန်းကျင်၌ သစ်ပင်ပန်းမန်များ ထည့်သွင်းစိုက်ပျိုးသွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ပြည်ထောင်စုဂုဏ်ပြုဗိမာန်အတွင်း ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးအတွက် ကြိုးပမ်းတည်ဆောက်ခဲ့ကြသည့် ပုဂ္ဂိုလ်ကြီးများ ရုပ်တုများကို ထုဆစ်ထားရှိသွားမည်ဖြစ်ကြောင်း၊ ဗိမာန်နှင့် အခြေခံအဆောက်အအုံများ တည်ဆောက်ရာတွင်လည်း မြန်မာမှု၊ ယဉ်ကျေးမှုနှင့် ခေတ်သစ်ဗိသုကာအနုပညာ လက်ရာတို့ကို အချိုးညီ ထည့်သွင်းတည်ဆောက်သွားရန်လိုကြောင်း၊ ဗိမာန် ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေးနှင့် သာယာလှပမှုရှိစေရေး အမြဲစိမ်းသစ်ပင်များနှင့် ပန်းမန်များကို စနစ်တကျဖြင့် ထည့်သွင်း စိုက်ပျိုးသွားရန် လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဂုဏ်ပြုဗိမာန် တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
MDN
