အစ္စရေးစစ်တပ်က ဂါဇာသို့ ဦးတည်မောင်းနှင်နေသည့် ကူညီရေးသင်္ဘောအုပ်စုကို စီးနင်းတိုက်ခိုက်

News Image

  • အစ္စရေးစစ်တပ်က ဂါဇာသို့ ဦးတည်မောင်းနှင်နေသည့် ကူညီရေး သင်္ဘော အုပ်စုကို စီးနင်းတိုက်ခိုက်

ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီရေးပစ္စည်းများ သယ်ဆောင်လာသည့် Global Sumud သင်္ဘောအုပ်စုမှ ရေယာဉ်စုစုပေါင်း ၅၁ စီးအနက် အနည်းဆုံး ၃၉ စီးကို အစ္စရေး စစ်တပ်က သိမ်းဆည်းလိုက်ကြောင်း အဆိုပါလှုပ်ရှားမှုကို စီစဉ်သူများ က ပြောကြားခဲ့သည်။

နိုင်ငံပေါင်း ၃၉ နိုင်ငံမှ တက်ကြွလှုပ်ရှားသူ ၄၂၀ ကျော် လိုက်ပါလာသည့် ရေယာဉ်များသည် ပါလက်စတိုင်းနယ်မြေအပေါ် အစ္စရေး၏ ရေတပ်ပိတ်ဆို့ထားမှုကို ချိုးဖျက်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ပြီးခဲ့သည့်သီတင်းပတ်က တူရကီနိုင်ငံ၊ မာမာရစ်စ် (Marmaris) ဆိပ်ကမ်းမှ ထွက်ခွာလာခဲ့ ကြခြင်း ဖြစ်သည်။

တနင်္လာနေ့ (မေ ၁၈) တွင် အဆိုပါသင်္ဘောအုပ်စု စီစဉ်သူများက X လူမှုကွန်ရက်ပေါ်၌ “လက်ရှိတွင် စစ်ရေယာဉ်များက မိမိတို့၏ သင်္ဘောအုပ်စု ကို ကြားဖြတ်ဟန့်တားနေပြီး အစ္စရေးတပ်ဖွဲ့များသည် နေ့ခင်းကြောင်တောင်မှာပင် ပထမဆုံးသင်္ဘောပေါ်သို့ တက်ရောက်စီးနင်းနေကြသည်" ဟု ရေးသားခဲ့သည်။ ထို့နောက် နောက်ထပ်သတင်းစကားတစ်ခုတွင်မူ အစ္စရေးတပ်ဖွဲ့များသည် ၎င်းတို့၏ သင်္ဘောများကို တရားမဝင် အကြမ်းဖက် သိမ်းဆည်း ခဲ့ပြီး စေတနာ့ဝန်ထမ်းများကို ပြန်ပေးဆွဲသွားသည်” ဟု ဆိုသည်။

ထိန်းသိမ်းခံရသူ ရာနှင့်ချီသည့်အထဲတွင် အိုင်ယာလန်သမ္မတ ကတ်သရင်း ကွန်နိုလီ (Catherine Connolly) ၏ ညီမဖြစ်သူ ဆရာဝန် မာဂရက် ကွန်နိုလီ (Margaret Connolly) လည်း ပါဝင်ကြောင်း စီစဉ်သူများက ပြောကြားခဲ့သည်။

အစ္စရေးစစ်သည်များသည် ဂါဇာကမ်းမြောင်ဒေသမှ ရေမိုင် ၂၅၀ (၄၆၃ ကီလိုမီတာ) ခန့်အကွာ၊ ဆိုက်ပရပ်စ်နိုင်ငံ ကမ်းလွန်ပင်လယ်ပြင်တွင် အဆိုပါသင်္ဘောများကို တက်ရောက်စီးနင်းခဲ့ကြခြင်းဖြစ်သည်။ ဥရောပ သမဂ္ဂအဖွဲ့ဝင်ဖြစ်သော ဆိုက်ပရပ်စ်နိုင်ငံ၏ ကယ်ဆယ်ရေးအဖွဲ့များ၏ ပြောကြားချက်အရ အဆိုပါဖြစ်စဉ်သည် ဆိုက်ပရပ်စ်ရေပိုင်နက် အပြင်ဘက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။ ဆိုက်ပရပ်စ်သမ္မတ နီကို့စ် ခရစ္စတိုဒူလိုင်ဒက်စ် (Nikos Christodoulides) ကလည်း အစ္စရေးနိုင်ငံ အနေဖြင့် ယခုကဲ့သို့ ကူညီရေးသင်္ဘောအုပ်စုကို အရေးယူဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ နီကိုစီယာ (Nicosia) သို့ ကြိုတင် အကြောင်းကြားခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကမူ ယခုစစ်ဆင်ရေးတွင် ပါဝင်ခဲ့သည့် ကွန်မန်ဒိုစစ်သည်များ၏ ထူးချွန်ပြောင်မြောက်သော စွမ်းဆောင်မှုကို ချီးကျူးစကားဆိုခဲ့ပြီး ၎င်းတို့သည် "ဂါဇာရှိ ဟားမက် အကြမ်းဖက်သမားများအပေါ် ပိတ်ဆို့အထီးကျန်စေရန် လုပ်ဆောင်ထားမှုကို ချိုးဖျက်ရန်ကြံစည်ထားသော မလိုလားအပ်သည့်အကြံအစည်ဆိုးကို ထိရောက်စွာ ဟန့်တားနိုင်ခဲ့ခြင်းဖြစ်သည်" ဟု ပြောဆိုခဲ့သည်။

အစ္စရေးအစိုးရကမူ ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် အစ္စရေးနှင့် ဟားမက်တို့အကြား ပဋိပက္ခစတင်ဖြစ်ပွားကတည်းက နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် ဂါဇာရှိ ပါလက်စတိုင်းလူမျိုး ၂ သန်းနီးပါးအတွက် ကူညီရေးပစ္စည်းများထောက်ပံ့မှုကို တားဆီးပိတ်ပင်ထားသည်ဟူသောစွပ်စွဲချက်ကို ငြင်းဆိုထားသည်။ ထို့အပြင် ယခုသင်္ဘောအုပ်စု၏ လှုပ်ရှားမှုသည် အာရုံစိုက်ခံရစေရန် သက်သက်လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း အစောပိုင်းကတည်းက ပယ်ချခဲ့ပြီး တက်ကြွလှုပ်ရှားသူများသည် ၎င်းတို့ သယ်ဆောင်လာသော အကူအညီများကို တရားဝင်လမ်းကြောင်းများမှ တစ်ဆင့် ဂါဇာသို့ပို့ဆောင်နိုင်ရန်အတွက် အစ္စရေး သို့မဟုတ် နိုင်ငံတကာ အဖွဲ့အစည်းများထံ လွှဲပြောင်းပေးအပ်ရန် ကမ်းလှမ်းချက်ကို ငြင်းဆန်ခဲ့ကြသည်ဟု ဆိုသည်။

တူရကီသမ္မတ ရီဂျက် တိုင်းယစ် အာဒိုဂန်ကမူ ကူညီရေးသင်္ဘောအုပ်စုကို ကြားဖြတ်ဖမ်းဆီးခြင်းသည် ‘ပင်လယ်ဓားပြဆန်ပြီး ဓားပြတိုက်သည့် လုပ်ရပ်’ ဖြစ်သည်ဟု ဖော်ပြပြောဆိုခဲ့ကာ တူရကီနိုင်ငံသား ၄၀ ကျော် အပါအဝင် ထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးရန် အစ္စရေးထံ တောင်းဆိုခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး