ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင် လေးထပ်လူနေအဆောက်အအုံ သုံးလုံးအား စနစ်တကျ ထပ်မံဖြိုချဖျက်ဆီး
နေပြည်တော် မေ ၂၈
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အများဆုံး အခြေချလုပ်ကိုင်ခဲ့ကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိစေရေး ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ဝင်ရောက်ရှင်းလင်း၍ လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများအား စနစ်တကျဖျက်ဆီးခြင်းနှင့် တရားမဝင် အဆောက်အအုံများကို အသုံးပြု၍ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ထပ်မံကျူးလွန်ခြင်း မပြုနိုင်စေရေးတို့အတွက် အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရွှေကုက္ကိုလ်နယ်မြေ အတွင်းရှိ တရားမဝင် လေးထပ်လူနေအဆောက်အအုံ သုံးလုံးအား ထပ်မံ၍ စနစ်တကျ ဖြိုချဖျက်ဆီးခဲ့ကြောင်း သိရသည်။
ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ ကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၇၇ လုံးအနက် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၅၇ လုံးနှင့် ဖောက်ခွဲ၍ ဖျက်ဆီးမည့် အဆောက်အအုံ အလုံး၂၀ တို့ကို အဆောက်အအုံအမျိုးအစားအလိုက် ခွဲခြားသတ်မှတ်၍ စနစ်တကျ ဖြိုချဖျက်ဆီးခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့တွင် ယာဉ်ယန္တရားဖြင့် ဖြိုချဖျက်ဆီးရန် သတ်မှတ်ထားသည့် အဆောက်အအုံ ၅၇ လုံးအနက် လေးထပ်လူနေအဆောက်အအုံ သုံးလုံးကို ယာဉ်ယန္တရားများ အသုံးပြု၍ စနစ်တကျထပ်မံ ဖြိုချဖျက်ဆီးခဲ့ရာ ယနေ့အထိ စုစုပေါင်းအဆောက်အအုံ ၁၂ လုံးအား ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းနှင့် ဖျက်ဆီးရန်ကျန်ရှိသည့် တရားမဝင်အဆောက်အအုံ ၆၅ လုံးကိုလည်း ဆက်လက်၍ စနစ်တကျ ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
MDN

,
,
,
,