မူဆယ်မြို့ စွမ်စော်ရပ်ကွက်အတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော် မေ ၂၈
မြန်မာနိုင်ငံအစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် နယ်မြေဒေသအသီးသီး၌ ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ရှာဖွေစစ်ဆေးဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိရာ ယနေ့ ညနေပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ စွမ်စော်ရပ်ကွက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသားများနှင့် မြန်မာနိုင်ငံသား ၂၈ ဦးအား လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
လုံခြုံရေး ပူးပေါင်းအဖွဲ့များက မူဆယ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေကြောင်း သတင်းအရ ယနေ့ မွန်းလွဲ ၃ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် နေအိမ်တစ်လုံးအား ဝင်ရောက်ရှာဖွေစစ်ဆေးရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသည့် တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား လေးဦးနှင့် အမျိုးသမီး တစ်ဦး၊ မြန်မာ နိုင်ငံသား အမျိုးသား သုံးဦး၊ အမျိုးသမီး ၂၀ စုစုပေါင်း အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီး ၂၁ ဦးတို့အား အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် ဖုန်းမျိုးစုံ ၉၆ လုံး၊ All In One ကွန်ပျူတာ ၃၅လုံး၊ Laptop တစ်လုံး၊ Power Station (အကြီး) တစ်လုံး၊ Power Station (အသေး) တစ်လုံး ၊ WiFi စက် သုံးလုံး၊ ဘတ္ထရီဆိုင်ကယ် ငါးစီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်ခဲ့သည့် တရားမဝင် ပြည်ပနိုင်ငံသားများနှင့် ပြစ်မှုကျူးလွန်သူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
MDN
