ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဗထူးတပ်နယ်ရှိ ခြေလျင်တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူးသင်တန်းသားများနှင့် သင်တန်းနည်းပြများအား တွေ့ဆုံ အမှာစကားပြောကြား
နေပြည်တော် မေ ၂၈
တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွားဖြစ်သည့် ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်၊ နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတည်ငြိမ်အေးချမ်းမှုသည် အရေးကြီးသဖြင့် အင်အားတောင့်တင်းခိုင်မာပြီး စွမ်းရည်ထက်မြက်သည့် တပ်မတော် ဖြစ်စေရေးအတွက် တပ်မတော်သား တစ်ဦးချင်းစီ၏ စွမ်းရည်ထက်မြက်စေရေး လေ့ကျင့်သွားရန် လိုအပ်ကြောင်း ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ယနေ့မွန်းလွဲပိုင်းတွင် ဗထူးတပ်နယ်ရှိ ခြေလျင်တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူး သင်တန်းသားများနှင့် သင်တန်းနည်းပြများအား တွေ့ဆုံအမှာ စကားပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဗထူးတပ်နယ်ရှိ ခြေလျင်တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူး သင်တန်း သားများနှင့် သင်တန်းနည်းပြများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက တွေ့ဆုံအမှာ စကားပြောကြားရာတွင် ရှေ့တန်း စစ်မျက်နှာတွင် အသက်နှင့် ခန္ဓာ ကို အပ်နှင်း၍ စစ်ဆင်ရေးတာဝန်များကို ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ခဲ့ပြီး သင်တန်းလာရောက်တက်ကြ သည့် သင်တန်းသားများနှင့် တွေ့ဆုံရသည့်အတွက် ဝမ်းသာဂုဏ်ယူကြောင်း။
မိမိတို့နိုင်ငံသည် ပထဝီနိုင်ငံရေးအရ အချက်အချာနေရာ(Geo-political Pivot)တစ်ခုအဖြစ် တည်ရှိ နေပြီး နိုင်ငံရေးစနစ် မတူညီသည့် အင်အားကြီးနှစ်နိုင်ငံအကြားတွင် တည်ရှိကြောင်း၊ သမိုင်းကြောင်း အရ ကိုယ့်ထီးကိုယ့်နန်းနှင့် တိုင်းရင်းသားပေါင်းစုံ အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်သည်ကို အင်အားကြီး နယ်ချဲ့အင်္ဂလိပ်တို့၏ မတရားကျူးကျော် သိမ်းပိုက်ခံခဲ့ရာမှ ပြည်သူနှင့် မျိုးချစ်တပ်မတော်တို့ ပူးပေါင်းတွန်းလှန်ခဲ့ခြင်းဖြင့် လွတ်လပ်ရေးရခဲ့ကြောင်း၊ သို့သော်လည်း အင်အားကြီး အနောက်နိုင်ငံ၏ မြှောက်ပင့်ပေးမှုဖြင့် ဖြစ်ပေါ်ခဲ့သည့် ပြည်ပကျူးကျော်မှုကိုလည်း တပ်မတော်နှင့်ပြည်သူ လက်တွဲ တိုက်ထုတ်ခဲ့ရကြောင်း၊ ထိုသို့ သမိုင်းအစဉ်အလာနှင့် နိုင်ငံ၏ ပထဝီအနေအထားကြောင့် မိမိတို့နိုင်ငံနှင့် သင့်လျော်သည့် ပြည်သူလူထု လိုလားသော စစ်မှန် စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းပေါ်တွင် ခိုင်မာစွာလျှောက်လှမ်းနိုင် ရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် မဖြစ်မနေလိုအပ်သည့် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးအတွက် တပ်မတော်စွမ်းရည်ပြည့်ဝအောင် မိမိတို့ကိုယ်စီ ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း။
ထို့ကြောင့် စွမ်းရည်ရှိသည့် တပ်မတော်သားများဖြစ်စေရေး မိမိတို့ တတ်မြောက်ထားသည့် စစ်အတတ်ပညာများကို ကျွမ်းကျင်တတ်မြောက်စွာ အသုံးချနိုင်သည့်၊ ကျန်းမာကြံ့ခိုင်သည့် တပ်မတော်သားများဖြစ်အောင် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ”ဆိုသည့် ဆောင်ပုဒ်အတိုင်း ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လျက်ရှိသည့် စစ်အသုံးအဆောင်နှင့် စစ်အတတ် ပညာများကို အသုံးချနိုင်ရန်အတွက် စဉ်ဆက်မပြတ်လေ့လာ နေရမည်ဖြစ်ကြောင်း၊ လေ့လာသင်ယူထားသော စစ်ပညာရပ်များကို စစ်မြေပြင်တွင် အကျိုးရှိစွာ အသုံးချနိုင်ရန်လိုအပ်ပြီး တစ်ဦးချင်း၏ တိုက်စွမ်းရည်ကို ဟန်ချက်ညီညီ ပေါင်းစပ်ကာ အဖွဲ့အစည်း၏ တိုက်စွမ်းရည်ကို မြှင့်တင်နိုင် ရန်လိုကြောင်း၊ မိမိတို့သည် တပ်မတော် အရာရှိဖြစ်သည်နှင့်အညီ နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာရှိရန်လိုအပ်ကြောင်း၊ ထို့ပြင် နိုင်ငံ၏သမိုင်းကြောင်း၊ တပ်မတော်၏ သမိုင်းကြောင်းများကို သိရှိအောင် လေ့လာမှတ်သားကြရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများအနေဖြင့် ခြေလျင်၊ လက်ရုံးခွဲခြားမှုမရှိဘဲ အမြဲတမ်း တိုက်ပွဲဝင် အသင့်ဖြစ်စေရေး လေ့ကျင့်ဆောင်ရွက်နေကြရမည် ဖြစ်ကြောင်း၊ မိမိအတွက် အကျိုးဖြစ်စေမည့် စာပေအသိပညာ ဖတ်ရှုလေ့လာခြင်းများကိုလည်း စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လေ့လာဖတ်ရှုမှုများကို အမြဲမပြတ် ဆောင်ရွက်နေမည်ဆိုပါက လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် အထောက် အကူပြုမည်ဖြစ်ပြီး မိမိတို့ ဖတ်မှတ်ထားသည်များကို စစ်မြေပြင်တွင် လက်တွေ့အသုံးချခြင်းနှင့် ဝေမျှခြင်းများကိုလည်း ဆောင်ရွက် ရန်လိုကြောင်း၊ လေ့လာဖတ်ရှုခြင်း၊ မှတ်သားခြင်း၊ ဆွေးနွေးခြင်း၊ အသုံး ချခြင်းများမှတစ်ဆင့် အသိပညာများ ပိုမိုအားကောင်းလာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ကိုယ်ကျင့် တရားပိုင်းနှင့် ပတ်သက်၍ နိုင်ငံတော်အကြီးအကဲ၏ အမြဲလမ်းညွှန် မှာကြား ချက်ဖြစ်သည့် သင့်(၄)သင့်ကို လိုက်နာဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သင့်(၄)သင့် ဆိုသည်မှာ သွားသင့်သည့်နေရာကို သွားရန်၊ ပြောဆိုသင့်သည့် စကားကိုသာ ပြောဆိုရန်၊ လုပ်သင့်သည့် အလုပ်ကိုသာ လုပ်ရန်နှင့် ပေါင်းသင်းသည့် သူကိုသာ ပေါင်းသင်းသွားရန်တို့ ဖြစ်ကြောင်း။
နိုင်ငံတော်နှင့် တပ်မတော်က အားထားရသည့် နိုင်ငံ့သားကောင်းများဖြစ်အောင် ခေါင်းဆောင်မှု အင်္ဂါရပ် ၁၆ ရပ်နှင့်အညီ ကျင့်ကြံနေထိုင်ပြီး ခေါင်းဆောင်ကောင်းများ ပီသစွာဖြင့် တပ်ကိုကွပ်ကဲ ဦးဆောင်ကြရန် လိုကြောင်း၊ မိမိကိုယ်ကို ထိန်းသိမ်းနေထိုင်မှုနှင့်ပတ်သက်၍ မိမိလက်အောက် အရာရှိ၊ စစ်သည်များ စည်းကမ်းစနစ်တကျဖြစ်စေရေး ထိန်းသိမ်းရန်လိုအပ်သကဲ့သို့ လက်အောက် ငယ်သားများ အပေါ်တွင်လည်း ကိုယ်ချင်းစာတရားထား၍ စံနမူနာပြ အုပ်ချုပ်ရန်လိုကြောင်း၊ လူတိုင်း(၁)ဖြစ်ခွင့် ရှိသော်လည်း လူတိုင်း(၁) မဖြစ်နိုင်ကြောင်း၊ သို့သော် လုံ့လဝီရိယဖြင့် ကြိုးစား လျှင် အောင်မြင်မည်ဖြစ်၍ ဇွဲ မလျှော့ဘဲ ကြိုးစားရန်လိုကြောင်း၊ မိမိတို့ တစ်ဦးတစ်ယောက်ချင်းစီ ၏ ရည်မှန်းချက် တာဝန်များကို ဆောင်ရွက်ရာတွင် အသိတရား၊ သတိတရားဖြင့် ထိန်းသိမ်း၍ ဆောင်ရွက်ကြမည်ဆိုပါက မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှုများ အောင်မြင်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် အဖွဲ့ဝင်များ သည် တက်ရောက်လာကြသည့် သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
တွေ့ဆုံပွဲအပြီးတွင် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် အဖွဲ့ဝင်များသည် သင်တန်းကျောင်းဝင်းအတွင်းရှိ သင်တန်းသား အိပ်ဆောင်များအား လိုက်လံ ကြည့်ရှုစစ်ဆေးပြီး သင်တန်းအဆောင်များအလိုက် စနစ်တကျ ရှိစေရေး၊ ထိန်းသိမ်းမှုကောင်းမွန်စေရေး၊ ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့ကို မှာကြားပြီး လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့ပြင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် အဖွဲ့ဝင်များသည် တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း(ဗထူး)ရှိ သုံးထပ်စာသင်ဆောင်၊ ရှင်းလင်းဆောင်သို့ ရောက်ရှိကြရာ တပ်မတော်(ကြည်း) တိုက်ခိုက် ရေးကျောင်း(ဗထူး)၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး)နှင့် တပ်မတော်(ကြည်း) အရာခံနှင့် အကြပ်ကြီးသင်ကျောင်းတို့မှ ကျောင်းအုပ်ကြီးနှင့် ဒုတိယကျောင်းအုပ်ကြီးတို့က လေ့ကျင့် သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များ၊ တပ်တည်ဆောက်ရေးလုပ်ငန်းကြီး(၄)ရပ်တို့အား ရှင်းလင်း တင်ပြရာ ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း)က ဗထူးမြို့သည် လေ့ကျင့်ရေးဆိုင်ရာ သင်တန်းကျောင်းကြီးများ အခြေပြုရာ သမိုင်းအစဉ်အလာအရ ထူးခြားသည့် တပ်မြို့ဖြစ်ပြီး အဓိကတာဝန်သည် လေ့ကျင့် သင်ကြားပေးရန်ဖြစ်သည့်အတွက် လေ့ကျင့်သင်ကြားရေးနှင့် ပတ်သက်၍ ပီပီပြင်ပြင် လက်တွေ့ ကျကျ လေ့ကျင့်သင်ကြားပေးရန်လိုကြောင်း၊ နည်းပြများအနေဖြင့် စစ်ဘက်ဆိုင်ရာ အသိပညာနှင့် အတတ်ပညာများ သင်ကြားလေ့ကျင့်ပေးရာတွင် စေတနာထား၍ တတ်မြောက်သည်အထိ လေ့ကျင့်ပေးသွားရန်လိုကြောင်း၊ မိမိသိသလို၊ တတ်မြောက်သလို၊ ကျွမ်းကျင်သလို သင်တန်းသား များကိုလည်း တတ်သိကျွမ်းကျင်အောင် သင်ကြားပေးရန်လိုကြောင်း မှာကြားပြီး သိရှိလိုသည်များ မေးမြန်းကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
MDN

,
,
,
,