လက်ဘနွန်တောင်ပိုင်းဒေသတစ်ခုလုံးကို စစ်နယ်မြေအဖြစ် အစ္စရေးသတ်မှတ်ကြေညာ

News Image

  • လက်ဘနွန်တောင်ပိုင်းဒေသတစ်ခုလုံးကို စစ်နယ်မြေအဖြစ် အစ္စရေးသတ်မှတ်ကြေညာ

ဘေရွတ် မေ ၂၈

လက်ဘနွန်နိုင်ငံ ဇာရာနီမြစ် တောင်ဘက်ခြမ်းတစ်ခုလုံးကို စစ်နယ်မြေအဖြစ် အစ္စရေးတပ်မတော်က မေ ၂၇ ရက်တွင် သတ်မှတ်ကြေညာခဲ့ကြောင်း RT သတင်းဌာနက ယနေ့တွင် ဖော်ပြထားသည်။

ဇာရာနီမြစ် တောင်ဘက်ခြမ်းတစ်ခုလုံးကို စစ်နယ်မြေအဖြစ် သတ်မှတ်လိုက်ပြီဖြစ်ရာ နယ်ခံများအနေဖြင့် ဇာရာနီမြစ်မြောက်ဘက်ခြမ်းသို့ ရွှေ့ပြောင်းရန် အစ္စရေးတပ်မတော် သတင်းထုတ်ပြန်ချက်၌ တိုက်တွန်းပြောကြားထားသည်။

ဇာရာနီမြစ်သည် အစ္စရေးနှင့် လက်ဘနွန်နယ်စပ်မှ ၂၅ မိုင် အကွာတွင် စီးဆင်းနေသော မြစ်တစ်စင်းဖြစ်သည်။

အစ္စရေးနှင့် လက်ဘနွန်နိုင်ငံ တို့သည် ဧပြီ ၁၇ ရက်တွင် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရယူထားသော်လည်း လက်ဘနွန် တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့၌ ဟစ်ဇ်ဘိုလာအုပ်စုပစ်မှတ်များကို ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်သည်။

အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအုပ်စုအနေဖြင့် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်နေမှုကြောင့် မြေပြင်စစ်ဆင်ရေးများ ချဲ့ထွင်မည်ဖြစ်ကြောင်း အစ္စရေးတပ်မတော်က ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ပြောကြားထားသည်။

လက်ရှိဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများ အဆုံးသတ်နိုင်ရေးအတွက် လက်ဘနွန်နှင့်အစ္စရေး တပ်မတော်တာဝန်ရှိသူများက မေ ၂၉ ရက်တွင် အမေရိကန်နိုင်ငံ၌ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။

ရတနာပုံ