ဂျာမန်ပိုကယ်ဖလား ဗိုလ်လုပွဲတွင် ဘိုင်ယန်မြူးနစ် အသင်းက စတုဂတ်အသင်းကို အနိုင်ရရှိပြီး ချန်ပီယံဆုဖလား ဆွတ်ခူးရရှိ
ဘာလင် မေ ၂၄
ယခုဘောလုံးရာသီ ဂျာမန်ပိုကယ်ဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဘိုင်ယန်မြူးနစ်အသင်းက စတုဂတ် အသင်းကို ၃ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ချန်ပီယံဆုဖလားဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်အသင်းက စတုဂတ်အသင်းကို အကောင်းဆုံး ဖိအားပေးကစား နိုင်ကာ ပွဲချိန် ၅၅ မိနစ်၊ ပွဲချိန် မိနစ် ၈၀ နှင့် ပွဲချိန် ၉၂ မိနစ်တို့တွင် ဟယ်ရီကိန်း တစ်ဦးတည်းက ဘိုင်ယန် မြူးနစ်အသင်းအတွက် သွင်းဂိုးများသွင်းယူနိုင်ပြီး နောက် ချန်ပီယံဆုဖလား ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ယခုဘောလုံး ရာသီတွင် ဂျာမန်ဘွန်ဒက်လီဂါပြိုင်ပွဲတွင်လည်း ချန်ပီယံဆုဖလား ဆွတ်ခူးနိုင်သကဲ့သို့ ဂျာမန်စူပါ ဖလားပြိုင်ပွဲတွင်လည်း ချန်ပီယံဆုဖလားဆွတ်ခူး နိုင်ခဲ့ကာ ယခုအခါတွင်လည်း ဂျာမန်ပိုကယ်ဖလားကိုပါ ဆွတ်ခူးနိုင်သည့်အတွက် တစ်ရာသီအတွင်း ပြည်တွင်းဆုဖလား သုံးလုံးစလုံးဆွတ်ခူးနိုင်ခြင်းဖြစ် ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ဆီမီးဖိုင်နယ် အဆင့်အထိတက်ရောက်နိုင်ခဲ့သော်လည်း ပီအက်စ်ဂျီ အသင်းကိုရှုံးနိမ့်သည့်အတွက် ဆီမီးဖိုင်နယ်အဆင့် ဖြင့်သာ ကျေနပ်ခဲ့ရသည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ဂျာမန်ပိုကယ်ဖလား ပြိုင်ပွဲတွင် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီက နောက်ဆုံး အကြိမ် ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပြီး ယခု ဘောလုံးရာသီမှသာ ပြန်လည်ဆွတ်ခူးနိုင်ကာ ၂၁ ကြိမ်မြောက်အဖြစ် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ဂျာမန်ပိုကယ်ဖလား ပြိုင်ပွဲတွင် ဗိုလ်လုပွဲအဆင့်သို့ ၂၅ ကြိမ်မြောက်တက် ရောက်နိုင်ခဲ့ကာ ၂၁ ကြိမ်ချန်ပီယံဆုဆွတ်ခူးပြီး လေးကြိမ်ဒုတိယဆုရရှိခဲ့ကာ ပြိုင်ပွဲတွင် အအောင် မြင်ဆုံးအသင်းအဖြစ် ရပ်တည်လျက်ရှိသည်။
ဂျာမန်ပိုကယ်ဖလားပြိုင်ပွဲတွင် သွင်းဂိုး ၁၀ ဂိုး ဖြင့် သွင်းဂိုးအများဆုံး ကစားသမားဆုအပြင် ပြိုင်ပွဲ ၏ အကောင်းဆုံး ကစားသမားဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ သည့်ဟယ်ရီကိန်းသည် ယခုဘောလုံး ရာသီတွင် နိုင်ငံအသင်းနှင့် ကလပ်အသင်း သွင်းဂိုး ၆၆ ဂိုးအထိ ရှိလာပြီး ဥရောပထိပ်တန်း လိဂ်များတွင် သွင်းဂိုး အများဆုံးကစားသမားအဖြစ် ရပ်တည်နေကြောင်း သိရသည်။
MWD
