အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်မှုများတွင် အက်ပ်စတိန်း အရေးကိစ္စကို ဒီမိုကရက်များ လက်နက်သဖွယ် အသုံးချလာ
အမေရိကန် လွှတ်တော်အမတ်နေရာများအတွက် ယှဉ်ပြိုင်ကြမည့် ကြားဖြတ် ရွေးကောက်ပွဲမဲဆွယ်မှုများအတွင်း လိင်ပိုင်းဆိုင်ရာပြစ်မှုကျူးလွန်သူဘီလီယံနာ ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) ၏ ကိစ္စရပ်မှာ နိုင်ငံရေးအရ အဓိကတိုက်ခိုက်စရာလက်နက်တစ်ခု ဖြစ်လာခဲ့သည်။ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း အများအပြားသည် လွှတ်တော်တွင်းအာဏာကို ရီပတ်ဘလစ်ကန်ပါတီ (GOP) ထံမှ ပြန်လည် ရယူနိုင်ရန်အတွက် ၎င်းတို့၏ ရီပတ်ဘလစ်ကန် ပြိုင်ဘက်များသည် အက်ပ်စတိန်းနှင့် ပတ်သက်ဆက်နွှယ်နေသည့် ချမ်းသာကြွယ်ဝသော အက်ပ်စတိန်း လူတန်းစား (Epstein class) ကို အကာအကွယ်ပေးနေသည်ဟုစွပ်စွဲကာ ကျယ်ကျယ်ပြန့်ပြန့် ထိုးစစ်ဆင်လာကြသည်။
သမ္မတ ဒေါ်နယ်ထရမ့်က ဒီမိုကရက်များတွင် အက်ပ်စတိန်းနှင့် ပတ်သက်မှုများရှိနေသည်ဟု ကာလရှည်ကြာ တန်ပြန်စွပ်စွဲခဲ့သော်လည်း လက်ရှိတွင် ထရမ့်အစိုးရအဖွဲ့သည် အက်ပ်စတိန်းဆိုင်ရာဖိုင်တွဲများကို ကိုင်တွယ်ဖြေရှင်းပုံနှင့်ပတ်သက်၍ နှစ်ပါတီလုံးမှ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ ပြီးခဲ့သည့် နိုဝင်ဘာနှင့် ဇန်နဝါရီလများက ထုတ်ပြန်ခဲ့သော မှတ်တမ်းများတွင် တရားရေးဝန်ကြီးဌာနက အချက်အလက်အများအပြားကို ဆင်ဆာဖြတ်ထားခြင်းကြောင့် အရေးကြီးသည့် အသေးစိတ်အချက်အလက်များကို ဖုံးကွယ်ထားသည်ဟု ဝေဖန်သူများက ထောက်ပြကြသည်။
ဒီမိုကရက်တစ် ဆီးနိတ်အမတ် ဂျွန် အော့စော့ဖ်ကလည်း ထရမ့်အစိုးရအဖွဲ့အား အကျင့်ပျက်ခြစားပြီး နိုင်ငံကိုကြီးစိုးနေသည့် အထက်တန်းလွှာ အက်ပ်စတိန်း လူတန်းစား၏ အစိတ်အပိုင်းတစ်ခုအဖြစ် မဲဆွယ်စည်းရုံးမှုများတွင် ပြင်းပြင်းထန်ထန် ပုံဖော်ပြောဆိုခဲ့သည်။
ပြည်နယ်အသီးသီးရှိ ရွေးကောက်ပွဲပြိုင်ပွဲများတွင်လည်း အဆိုပါကိစ္စဖြင့် ရုပ်သံကြော်ငြာများထုတ်လွှင့်ကာ တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။ အိုဟိုင်းယိုးပြည်နယ် ဆီးနိတ်အမတ်ပြိုင်ပွဲတွင် ဒီမိုကရက်တစ်အမတ် ရှရော့ဒ် ဘရောင်းက ၎င်း၏ ရီပတ်ဘလစ်ကန်ပြိုင်ဘက် ဂျွန် ဟူစတက်ဒ် အား အက်ပ်စတိန်း၏ ကာလရှည်ဖောက်သည် ဘီလီယံနာ လက်စလီ ဝက်ဇ်နာထံမှ ဒေါ်လာ ၁၁၆,၀၀၀ ကျော် လက်ခံရယူခဲ့ပြီး အက်ပ်စတိန်း ဖိုင်တွဲများ ထုတ်ပြန်မည့်အရေးကို ပိတ်ပင်ရန်မဲပေးခဲ့သည်ဟု စွပ်စွဲထားသည်။
အလားတူ မိန်းပြည်နယ်တွင်လည်း ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်း ဂရေဟမ် ပလတ်တနာက ရီပတ်ဘလစ်ကန် ဆီးနိတ်အမတ် ဆူဆန်ကောလင်းစ်အား မဲဆန္ဒရှင်များ၏ ဆန္ဒကိုစွန့်ပယ်ကာ အက်ပ်စတိန်း လူတန်းစားများကို အကာအကွယ်ပေးနေသည်ဟု စွပ်စွဲခဲ့သည်။ သို့သော်လည်း ရီပတ်ဘလစ်ကန် အမျိုးသားကော်မတီ ပြောရေးဆိုခွင့် ရှိသူ ကီယာစတင် ပဲလ်စ်ကမူ ယင်းဝေဖန်မှုများသည် ယုံကြည်ရမှု မရှိသည့် ပါတီတစ်ခု၏ နိုင်ငံရေးအရ အမြတ်ထုတ်လိုသော ဇာတ်ကွက်မျှသာဖြစ်သည်ဟု ပယ်ချခဲ့သည်။
အခြားတစ်ဖက်တွင်လည်း အဆိုပါအက်ပ်စတိန်း ဖိုင်တွဲများကိစ္စသည် ရီပတ်ဘလစ်ကန်ပါတီအတွင်း စည်းလုံးမှုပျက်ပြားကာ အက်ကြောင်းထလာမှုများကို ပေါ်လွင်စေခဲ့သည်။ အက်ပ်စတိန်းဖိုင်တွဲများ ပွင့်လင်းမြင်သာမှုရှိရေး အက်ဥပဒေကို ဒီမိုကရက်များနှင့် ပူးတွဲတွန်းအားပေးခဲ့သည့် ရီပတ်ဘလစ်ကန် လွှတ်တော်အမတ် သောမတ်စ် မက်ဆီသည် ထိုသို့ ဖိုင်တွဲများချပြရန် ကြိုးပမ်းမှုကြောင့် သမ္မတထရမ့်နှင့် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ရသည်။
ရလဒ်အနေဖြင့် ပြီးခဲ့သည့်သီတင်းပတ် ကင်တပ်ကီပြည်နယ် ပါတီတွင်း ပဏာမရွေးကောက်ပွဲတွင် အမတ် မက်ဆီသည် သမ္မတထရမ့် အပြည့်အဝ ကျောထောက်နောက်ခံပေးထားပြီး အမေရိကန်-အစ္စရေး အများပြည်သူဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (AIPAC) နှင့် ရီပတ်ဘလစ်ကန် ဂျူး မဟာမိတ်အဖွဲ့ (RJC) တို့ကဲ့သို့ အထူးအကျိုးစီးပွားအုပ်စုများ၏ ပံ့ပိုးမှုရရှိထားသည့် ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်သစ် အက်ဒ် ဂါလ်ရိန်းကို ရှုံးနိမ့်ခဲ့ရကြောင်း သိရှိရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
