ဂျပန်ဝန်ကြီးချုပ် တာကာချီဆာနေးနှင့် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာတို့ နှစ်နိုင်ငံကိစ္စရပ်များ ဆွေးနွေး
တိုကျို မေ ၂၈
ဂျပန်ဝန်ကြီးချုပ် တာကာချီဆာနေးနှင့် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာတို့ မေ ၂၈ ရက်တွင် တိုကျိုမြို့၌ တွေ့ဆုံပြီး နှစ်နိုင်ငံကိစ္စရပ်များ ဆွေးနွေးခဲ့သည်။
ခေါင်းဆောင်နှစ်ဦးက နှစ်နိုင်ငံဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် အဆင့်မြှင့်တင်ရန် သဘောတူညီခဲ့ကြသည်။
ဂျပန်နှင့် ဖိလစ်ပိုင် နှစ်နိုင်ငံအနေဖြင့် ခေတ်မီလွတ်လပ်ပြီး ပွင့်လင်းသော အင်ဒို - ပစိဖိတ် မျှော်မှန်းချက်ကို အကောင်အထည်ဖော်ရန် ယခင်ကထက် ပိုမိုအရေးကြီးကြောင်း ဂျပန်ဝန်ကြီးချုပ် တာကာချီဆာနေးက ပြောကြားသည်။
နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုသည် လုံခြုံရေးနှင့် စီးပွားရေးအပါအဝင် နယ်ပယ်များစွာတွင် တိုးတက်နေသောကြောင့် ဖိလစ်ပိုင်သည် ဂျပန်နိုင်ငံ၏ အနီးကပ်ဆုံး မိတ်ဖက်နိုင်ငံဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ပြောကြားသည်။
ဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံခေါင်းဆောင်များက ကျယ်ပြန့်သော နယ်ပယ်အသီးသီးတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ရည်ရွယ်သည့် ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာအချက်အလက်များကို ချက်ချင်းမျှဝေသုံးစွဲနိုင်စေမည့် သဘောတူညီချက်တစ်ခုအတွက် ဆွေးနွေးခဲ့ကြသည်။
နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်ရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် တာကာချီ ဆာနေးက ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်
MDN
