ရာသီဥတုပြောင်းလဲမှုက ဆေးယဉ်ပါး အစာအဆိပ်သင့်ပိုးများကို တိုးပွားစေနိုင်
ရာသီဥတုပြောင်းလဲမှု အခြေအနေက ပိုးသတ်ဆေးမတိုးသည့် ဆေးယဉ်ပါးအစာ အဆိပ်သင့်ပိုးများကို ပိုမိုတိုးပွားလာစေကြောင်းတွေ့ရှိရသည်ဟု သုတေသနတစ်ခု ကဖော်ပြထားသည်။ ရာသီဥတုပြောင်းလဲ မှုကြောင့် ဆေးယဉ်ပါး အစာအဆိပ်သင့်ပိုး ဖြစ်ပေါ်မှုကို ၁၀ ရာခိုင်နှုန်းပိုများလာစေကြောင်း၊ ရာသီဥတုပူနွေးလာမှုနှင့် မိုးရွာသွန်းမှုပုံစံ ပြောင်းလဲလာမှုတို့က ကုသရန်ခက်ခဲသည့် ရောဂါပိုးကူးစက်မှုများကို ပိုမိုတိုးမြင့်စေမည်ဖြစ်ကြောင်း သုတေသနတွင် ဖော်ပြထားသည်။
တရုတ်သိပ္ပံအကယ်ဒမီနှင့် ကိန်းဘရစ်တက္ကသိုလ်တို့မှ သုတေသနပညာရှင်များပါဝင်သည့် သုတေသီအဖွဲ့တစ်ဖွဲ့က လုပ်ဆောင်သော ထိုသုတေသနတွင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၃၉ နိုင်ငံမှ အစာအဆိပ်သင့်ပိုးမျိုးစိတ်ပေါင်း ၄၈၀၀၀၀ ကို လေ့လာမှုများ လုပ်ခဲ့ခြင်းဖြစ်သည်။ အစာအဆိပ်သင့်ပိုးများသည် လူသားများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါကိုဖြစ်စေသည့် အဓိကအကြောင်းရင်းများအနက် တစ်ခုဖြစ်ကြောင်း၊ နှစ်စဉ်လူဦးရေ သန်းပေါင်းများစွာသည် ထိုရောဂါပိုးကူးစက်ခံနေရကြောင်း၊ ပိုးသတ်ဆေးများကို လွန်ကဲစွာအသုံးပြုခြင်းနှင့် လွဲမှားစွာ အသုံးပြုခြင်းတို့ကြောင့် ဆေးယဉ်ပါးမှုဖြစ်ပေါ်သည်ဟု ယခင်က သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
MWD
