ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် စပိန်အသင်းကစားသမားစာရင်းတွင် ရီးယဲလ်မက်ဒရစ်အသင်းမှကစားသမားများ ပါဝင်ခြင်းမရှိ

News Image

  • ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် စပိန်အသင်းကစားသမားစာရင်းတွင် ရီးယဲလ်မက်ဒရစ်အသင်းမှကစားသမားများ ပါဝင်ခြင်းမရှိ

မက်ဒရစ်  မေ    ၂၆

     နည်းပြဒီလာဖွန်တီထုတ်ပြန်သော ၂၀၂၆  ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်    စပိန်အသင်း ကစားသမားစာရင်းတွင်     စပိန်လာလီဂါထိပ်တန်း ကလပ်အသင်းတစ်သင်းဖြစ်သည့်  ရီးယဲလ်မက်ဒရစ် အသင်းမှ စပိန်ကစားသမားများ ပါဝင်ခြင်းမရှိကြောင်း သိရသည်။

ယခုဘောလုံးရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်း အနေဖြင့်   စပိန်လာလီဂါပြိုင်ပွဲ၌    ရုန်းကန်ခဲ့ရပြီး ဆုဖလားလက်မဲ့ရာသီနှင့် တွေ့ကြုံရပြီးနောက် နည်းပြ ဒီလာဖွန်တီကလည်း   စပိန်အသင်းကစားသမားစာရင်းတွင်  ရီးယဲလ်မက်ဒရစ်အသင်းမှ  စပိန်ကစား သမားများကို ချန်လှပ်ခဲ့ခြင်းဖြစ်သည်။

အများအားဖြင့် နိုင်ငံတကာပြိုင်ပွဲများကစားမည့် စပိန်အသင်းကစားသမားစာရင်းတွင် ရီးယဲလ်မက်ဒရစ် အသင်းကစားသမားများအနေဖြင့် ပါဝင်လေ့ရှိ သော်လည်း လာမည့်ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ကစားသမားစာရင်းတွင်  ရီးယဲလ်မက်ဒရစ်အသင်းမှ ကစားသမားတစ်ဦးမျှ  ပါဝင်လာခြင်းမရှိဘဲ  ဒဏ်ရာကြောင့် အနားယူနေရသည့်     ဘာစီလိုနာအသင်းမှ ယာမယ်ပါဝင်လာသည်။

စပိန်အသင်းကစားသမား စာရင်းတွင်    ဂိုးသမား နေရာ၌  ဆိုင်မွန်၊ ဒေးဗစ်ရိုင်ယာ၊  ဂါစီယာ၊  ခံစစ် ကစားသမားနေရာ၌   မားကို့စ်လော်ရန်တီ၊    မက် ပူဘေးလ်၊ ပက်ဒရိုပေါ်ရို၊ လာပေါ်တီ၊ အဲရစ်ဂါစီယာ၊ ပါအူကျူဘာစီ၊ ကူကူရယ်လာ၊ ဂါမယ်ဒို၊ ကွင်းလယ် ကစားသမားနေရာ၌ ရိုဒရီ၊ ဇူဘီမန်ဒီ၊ မိုရီနို၊ ပက်ဒရီ၊ ဂါဗီ၊ ဖေဘီယန်ရုဇ်၊ အဲလက်ဘန်နာ၊ တိုက်စစ်ကစား သမားနေရာ၌ ပီနို၊ မူနော့၊ အိုဘာဘယ်ဇာ၊ ယာမယ်၊ ဖာရန်တောရက်စ်၊  အိုလ်မိုနှင့် နီကိုဝီလီယံတို့  ပါဝင်လာကြသည်။

စပိန်အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင်  အုပ်စု (H)၌ ကိတ်ဗာဒီအသင်း၊ ဆော်ဒီအာရေဗျအသင်း၊ ဥရုဂွေးအသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေ ပြီး အုပ်စုပွဲစဉ်များအဖြစ် ဇွန်လ ၁၅ ရက်တွင် ကိတ်ဗာဒီ အသင်း၊ ဇွန်လ ၂၁ ရက်တွင် ဆော်ဒီအာရေဗျအသင်း နှင့် ဇွန်လ ၂၇ ရက်တွင် ဥရုဂွေးအသင်းတို့နှင့် ကစားရ မည်ဖြစ်သည်။

စပိန်အသင်းသည် ၂၀၂၆  ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ချန်ပီယံဆုဆွတ်ခူးနိုင်ရန်  ရေပန်းစားနေသည့် အသင်းများတွင်  တစ်သင်းအပါအဝင်အဖြစ် ရပ်တည်နေကြောင်း သိရသည်။ 

MWD