ပြည်ပသို့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံကျော်တန်ဖိုးရှိ ပဲမျိုးစုံ ပြောင်းနှင့် နှမ်းတန်ချိန် သုံးသန်းကျော် တင်ပို့ထား
ရန်ကုန် မေ ၂၆
ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်က ပြည်ပနိုင်ငံ များသို့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံကျော် တန်ဖိုးရှိ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းတန်ချိန် သုံးသန်း ကျော်တင်ပို့ထားကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်း နှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။
ထိုသို့တင်ပို့ရာတွင် ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၇၇ သန်းကျော်၊ ပြောင်းတန်ချိန် ၁ ဒသမ ၂၃ သန်းကျော် နှင့် နှမ်းတန်ချိန် ၁၁၇၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံကျော် ရရှိ ထားကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းများ ကို နိုင်ငံပေါင်း ၄၅ နိုင်ငံသို့ တင်ပို့လျက်ရှိပြီး အဓိက အားဖြင့် အိန္ဒိယ၊ ထိုင်း၊ ဖိလစ်ပိုင်၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့သို့ တင်ပို့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ အဓိကသီးနှံများအနေဖြင့် စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံတို့ကို စိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုးထုတ်လုပ်မှုသည် ဒုတိယအများ ဆုံးဖြစ်ကာ ပဲမျိုးစုံအနေဖြင့် တစ်နိုင်ငံလုံး လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ ၃၃ ရာခိုင်နှုန်းခန့် စိုက်ပျိုး ထုတ်လုပ်လျက်ရှိသည်။
ထို့ပြင် မြန်မာနိုင်ငံစိုက်ပျိုးမြေဧရိယာ၏ ၂၀ ရာခိုင် နှုန်းခန့်တွင် ပဲမျိုးစုံစိုက်ပျိုးနေပြီး ပဲမျိုးစုံစိုက်ဧက၏ ၇၂ ရာခိုင်နှုန်းသည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံတို့ဖြစ် ကာ ပဲလွမ်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယဉ်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် တခြားပဲများလည်း စိုက်ပျိုးကြသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကိုမြှင့်တင်လျက်ရှိသော နိုင်ငံဖြစ် သည့်အားလျော်စွာ မြန်မာနိုင်ငံမှ ပြည်ပသို့တင်ပို့ သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်း များဖြစ်ပြီး ပဲမျိုးစုံသည်လည်း အဓိကပို့ကုန်တစ်မယ် အဖြစ်ပါဝင်ကြောင်း သိရသည်။
MWD
